ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူ့ကို မက်ဆီနဲ့အတူ ပီအက်စ်ဂျီမှာ အတူတူမြင်တွေ့ရဖွယ်ရှိတယ်ဆိုတာကို ရော်နယ်ဒိုက မငြင်းဆန်ခဲ့ဘဲ ဘာမဆိုဖြစ်နိုင်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုပြောဆိုခဲ့တဲ့ အကြောင်းအရာတွေက သတင်းခေါင်းကြီးပိုင်းတွေအဖြစ်နဲ့ ဆက်တိုက်ထွက်ပေါ်နေပြီး သူ့ရဲ့ ပြောဆိုမှုတိုင်းကလည်း သတင်းတပုဒ်ဖြစ်နေတာပါ။
မန်ချက်စတာယူနိုက်တက်မှာ သူ ရင်ဆိုင်ခဲ့ရတာတွေ၊ ခံစားနေခဲ့ရတာတွေကို ရော်နယ်ဒိုက ဖွင့်ချခဲ့ပြီး မက်ဆီနဲ့ ပတ်သက်တာတွေကိုလည်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်အကြောင်းကိုလည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဘတ်ပီက ရီးရဲလ်ကိုပြောင်းရွှေ့သွားကာ သူ့အတွက် ပီအက်စ်ဂျီမှာ နေရာရဖို့ဖြစ်လာနိုင်လားလို့ မေးမြန်းခဲ့ပါတယ်။
ရော်နယ်ဒိုက "ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်၊ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ သေချာပေါက်ပါပဲ၊ သူတို့တွေ နောက်ထပ်ဂျာစီတွေအများကြီးရောင်းရမှာပါ' လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ တကယ်တမ်းမှာ ဒီအတိုင်းဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒါဟာ ဘောလုံးပရိသတ်တိုင်း စိတ်ကူးယဉ်ထားခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုကို အသင်းတသင်းတည်းမှာ ကစားတာကို သေချာပေါက်မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုက မက်ဆီကိုလည်း မှော်ဆရာတဦးလို့ ချီးကျူးခဲ့ပြီး သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အင်တာဗျူးတွေ ထွက်ပေါ်လာခဲ့အပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သေချာပေါက်လမ်းခွဲတော့မယ်လို့ ပရိသတ်အများစုက ယုံကြည်နေပြီဖြစ်ကာ ဇန်နဝါရီမှာ ရော်နယ်ဒို အသင်းပြောင်းတာကို မြင်တွေ့ရလိမ့်မယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်။