ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရတော့ ကာဗာနီဟာ သူ့ရဲ့ကျောနံပါတ်ကို ရော်နယ်ဒိုဆီ လွှဲပြောင်းပေးလို့မရဘဲ တကယ်လို့ပေးချင်တယ်ဆိုရင်တော့ အသင်းကနေ သူ ထွက်ခွာတာမျိုးလုပ်မှသာရမယ်လို့ ဆိုပါတယ်။
အိုးထရက်ဖို့ဒ်ကို ရော်နယ်ဒို ပြန်ရောက်ဖို့ သေချာသွားပြီးတဲ့နောက်မှာတော့ သူ ဘယ်ကျောနံပါတ်ကို ဝတ်ဆင်မှာလဲဆိုတာက အားလုံးသိချင်နေတဲ့ မေးခွန်းဖြစ်လာခဲ့ပါတယ်။ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၃သန်း နဲ့ အပိုဆောင်းကြေး ပေါင် ၇ သန်းအထိ ယူနိုက်တက်က ပေးချေရမယ်လို့ သိရပြီး ၂နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကာ ပေါ်တူဂီသားအတွက် ဖေးဘရိတ်နံပါတ် ၇ ကို ဝတ်ဆင်မှာလားလို့ အားလုံးက မေးနေကြပါပြီ။
ယူနိုက်တက်မှာ အဆိုပါကျောနံပါတ်နဲ့ ဂန္ထဝင်မှတ်တမ်းတစ်ခုကို စိုက်ထူခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ရီးရဲလ်၊ ဂျူဗီမှာလည်း နံပါတ် ၇ ကိုပဲ ဝတ်ဆင်ခဲ့တာပါ။ ရီးရဲလ်ကစားသမားဘဝအစမှာ သူက နံပါတ် ၉ ကို အရင်ဝတ်ဆင်ခဲ့ရပြီးမှသာ ၇ ကို ဝတ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ အခု ယူနိုက်တက်မှာတော့ နံပါတ် ၇ ကို တိုက်စစ်မှူးကာဗာနီက ရယူထားပြီးဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရတော့ ကာဗာနီဟာ သူ့ရဲ့ကျောနံပါတ်ကို ရော်နယ်ဒိုဆီ လွှဲပြောင်းပေးလို့မရဘဲ တကယ်လို့ပေးချင်တယ်ဆိုရင်တော့ အသင်းကနေ သူ ထွက်ခွာတာမျိုးလုပ်မှသာရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာဗာနီကလည်း ဒီတစ်ရာသီလုံး ယူနို်က်တက်နဲ့ ဆက်ရှိနေမယ်လို့ အတည်ပြုထားပြီးဖြစ်တာကြောင့် သူ့ရဲ့စိတ်ကြိုက်နံပါတ်ကို ရော်နယ်ဒိုရယူဖို့က မဖြစ်နိုင်တော့ပါဘူး။
အခြားသောနံပါတ်ဖြစ်တဲ့ ၉ ကိုလည်း အန်သိုနီမာရှယ်က ရယူထားလို့ ရော်နယ်ဒိုအတွက် လစ်လပ်နေတဲ့ ကျောနံပါတ်တွေကိုသာ ဝတ်ဆင်ရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ သူ့အတွက် လစ်လပ်နေတဲ့နံပါတ်တွေကတော့ ၁၂၊ ၁၅၊ ၂၄၊ ၃၀၊ ၃၃၊ ၃၅ တို့ဖြစ်ပြီး ဘယ်နံပါတ်ကို သူရွေးချယ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ နံပါတ် ၁၂ ကတော့ စမောလင်းဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး ၁၅ ကတော့ ဖလာမင်ဂိုကိုအငှားထွက်သွားတဲ့ ပါရဲရား ဝတ်ဆင်ခဲ့တာပါ။
၂၄ ကတော့ ဒါရင်းဖလက်ချာဝတ်ဆင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိကျန်နေတဲ့ နံပါတ်တွေထဲမှာ ရော်နယ်ဒိုအတွက်စိတ်ဝင်စားစရာအကောင်းဆုံးနံပါတ်က ၃၀ ပါ။ ပီအက်စ်ဂျီကို မက်ဆီရောက်ရှိပြီးနောက် အဆိုပါနံပါတ်ကို ရွေးချယ်ဝတ်ဆင်နေတာဖြစ်ပြီး ကမ္ဘာကျော်ကစားသမားနှစ်ဦးဟာ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြားဆိုသလို ဂျာစီနံပါတ်အတူတူ ဝတ်ဆင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။