မက်ဆီကတော့ PSG နဲ့အတူ အောင်မြင်မှုရဖို့ သေချာအာရုံစိုက်တော့မယ်လို့ ဆိုလာတာပါ။

အာဂျင်တီးနားနဲ့အတူ (၂၀၂၂) ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီးတဲ့ မက်ဆီဟာ လက်ရှိအချိန်မှာတော့ ကလပ်အတွက် ပဲရစ်မြို့ကို ပြန်လာခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့ အသင်းအတွက် အာရုံစိုက်ရင်း အောင်မြင်မှုတွေ ဆွတ်ခူးဖို့ အလုပ်လုပ်သွားမယ်လို့ဆိုလာပါတယ်။



မက်ဆီဟာ နိုင်ငံတကရက်သတ္တပတ်မတိုင်ခင် PSG ရဲ့ ပွဲစဥ်နှစ်ပွဲကို ဒူးဒဏ်ရာ၊ တံကောက်ကြောဒဏ်ရာတွေကြောင့် လွဲချော်ခဲ့ရပေမယ့် အာဂျင်တီးနားအတွက်တော့ ဥရုဂွေးနဲ့ပွဲမှာရော၊ ဘရာဇီးနဲ့ပွဲမှာပါ ဝင်ရောက်ကစားပေးခဲ့တာပါ။ မက်ဆီရဲ့ အာဂျင်တီးနားက ဘရာဇီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ မက်ဆီက ပဲရစ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အခုလိုမျိုးပဲ သူ့ရဲ့အင်စတာဂရမ်ကတစ်ဆင့် ရေးသားခဲ့ပါတယ်။ မက်ဆီက “ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်တဲ့အပျော်တွေနဲ့အတူ ကျနော် ပဲရစ်မြို့ကို ရောက်ရှိလာခဲ့ပါပြီ။ ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျနော် ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့တာပါ။

ဒါ့အပြင် မက်ဆီက “အခုချိန်က အသွင်သစ်၊ အမြင်သစ် ဖြစ်ရတော့မယ့်အချိန်ပါ။ ဘာလို့လဲဆိုတော့ ကျနော့်အနေနဲ့ PSG နဲ့အတူ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ရတော့မှာမို့လို့ပါ။ ကျနော်အခု PSG အတွက် အာရုံစိုက်ထားပြီး အောင်မြင်မှုတွေရဖို့ အလုပ်လုပ်ချင်ပါတယ်။ (၂၀၂၂) ရောက်ဖို့က တစ်လခွဲလောက်ပဲ အချိန်လိုပါတော့တယ်”

“ဒီနှစ်ကို တတ်နိုင်သလောက် အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ချင်ပြီး ပြင်သစ်မှာလည်း ပိုမိုကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ချင်ပါတယ်” လို့ ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို ရောက်လာပြီးနောက်ပိုင်း ကလပ်အတွက် အာရုံမစိုက်ဘဲ လက်ရွေးစင်အတွက်သာ အာရုံစိုက်နေတယ်လို့ ဝေဖန်ခံနေရတာပါ။

PSG ကတော့ ဒဏ်ရာနဲ့ကြံ့ခိုင်မှုပြဿနာတွေရှိနေတဲ့ မက်ဆီကို အာဂျင်တီးနားက ရွေးချယ်အသုံးပြုခဲ့တဲ့အပေါ် ဒေါသပေါက်ကွဲခဲ့ပြီး နောက်ပိုင်းမှာတော့ နှစ်ဖက်ညှိနှိုင်းပြီး မက်ဆီကို အလွန်အကျူး အသုံးမပြုဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။ 

Share

က္က