ဒီနေ့ညမှာ ကွာတားတက်ဖို့ အဆုံးအဖြတ်ပွဲနွှဲရတော့မှာပါ။

ဒီနေ့ညကစားရမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်မက်ဒရစ်က ဘတ်ပီတဦးတည်းကို တားဆီးဖို့အစီအစဉ်မရှိဘဲ ပီအက်စ်ဂျီကစားသမားအကုန်လုံးကို ဟန့်တားဖို့ကို အဓိကထားသွားမှာဖြစ်တယ်လို့ နည်းပြအန်ဆယ်လော့တီက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့မှာ ဘတ်ပီရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ ရီးရဲလ်ဟာ ဘာနေဗျူးမှာ နိုင်ပွဲရအောင် အားထုတ်ရတော့မှာလည်းဖြစ်ပါတယ်။ 

ဒီပွဲစဉ်အတွက် မက်ဒရစ်ကိုရောက်ရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းမှာ လူစုံတက်စုံပါဝင်လာခဲ့ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဘတ်ပီ၊ ရာမို့စ်တို့ပါ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်တို့ ပြိုင်ဘက်ကို ခက်ခက်ခဲခဲရင်ဆိုင်ရမှာ သေချာသလောက်ဖြစ်နေပြီး ပွဲကြိုစီမံချက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက အထက်ပါအတိုင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

သူက "ကျနော်တို့ ပွဲစီမံချက်က ဘတ်ပီကိုပဲ ရပ်တန့်ဖို့မဟုတ်ပါဘူး၊ နေမာ၊ မက်ဆီနဲ့ ပီအက်စ်ဂျီရဲ့ ကစားသမားကောင်းအားလုံးကိုပါ၊ ဘောလုံးရှိချိန်မှာရော၊ မရှိချိန်မှာပါ Unit တခုအဖြစ်နဲ့ ကစားဖို့ ကျနော်တို့ပြင်ဆင်ထားပါတယ်၊ ပွဲအစကနေအဆုံးအထိ ကျနော်တို့ တည်ငြိမ်တဲ့ပုံစံနဲ့ ကစားနိုင်ဖို့ကို ရည်မှန်းထားပြီး ဒါက အရေးအကြီးဆုံးပါပဲ"

"ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆက်ပြီးတော့ ရှိနေချင်ပါသေးတယ်၊ ဒါက အသေချာဆုံးပါပဲ၊ ပီအက်စ်ဂျီကလည်း ဒီလိုပဲတွေးနေမှာ သေချာပါတယ်၊ နေမာ၊ ဘတ်ပီတို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန်မှာ အရမ်းသတိထားရမှာပါ၊ ပရိသတ်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ကျနော်ထင်ပါတယ်၊ သူတို့မြင်ချင်တဲ့ပုံစံမျိုးကို ပြသနိုင်ဖို့ ကျွန်တော်တို့ လုပ်မှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီပွဲမှာ ကွင်းလယ်လူခရူးစ်ကို ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေမှသာ ဝင်ရောက်ကစားခိုင်းမှာဖြစ်ပြီး ၉၅% ရှိနေရင်တောင်မှ ကစားစေမှာမဟုတ်ဘူးလို့လည်း အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။

Share

က္က