မက်ဆီ၊ အမ်ဘာပေတို့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်ကို ပြိုင်တူလွဲချော်ခဲ့ကြတာပါ။

ပြင်သစ်လီဂူးကလပ် PSG ရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို အဓိက, ကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဆီရော၊ အမ်ဘာပေရော လွဲချော်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ PSG ဟာ မနက်ဖြန်ညမှာ လိုင်လီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမတိုင်ခင် ပြုလုပ်တဲ့လေ့ကျင့်ခန်းကို မက်ဆီရော၊ အမ်ဘာပေရော ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရတာပါ။



အသင်းဆေးအဖွဲ့ကတော့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာမယ်လို့ဆိုပြီး အသင်းပရိသတ်တွေကတော့ ဒီနှစ်ယောက်ရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေပါတယ်။

PSG ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက မာဆေးလ်နဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး အဲ့ဒီပွဲအပြီး (၂) ရက်အကြာမှာလည်း အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားတစ်ယောက် မီးပွိုင့်တစ်ခုမှာ ဓားပြတိုက်ခံခဲ့ရပါသေးတယ်။ ဒီဓားပြမှုကို ကျူးလွန်ခဲ့တာက ပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး အမည်မဖော်ပြထားတဲ့ ကစားသမားအနေနဲ့ ဒီဖြစ်ရပ်မှာ ပိုက်ဆံအိတ်ကို ဆုံးရှုံးလိုက်ရကာ ဖုန်းကိုတော့ပြန်လည်ရရှိခဲ့ပါတယ်။

ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ လက်ရှိအချိန်မှာ နား၊ နှာခေါင်း၊ လည်ချောင်းပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

မက်ဆီ ဘာကြောင့် လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်လဲဆိုတဲ့အပေါ်မှာတော့ တစ်စုံတစ်ရာ မသိရှိရသေးပါဘူး။ PSG ဟာ လိုင်လီနဲ့ပွဲအပြီး နောက်တစ်ပတ်မှာတော့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာကြောင့် နှစ်ယောက်လုံးရဲ့ အခြေအနေ မဆိုးရွားဖို့ လိုအပ်နေတာပါ။

လက်ရှိ PSG မှာ ဗာရက်တီ၊ ပါရီဒက်စ်၊ ရာမို့စ်တို့ ဒဏ်ရာပြဿနာရှိနေပြီး ရာမို့စ်ဆိုရင်လည်း ပြီးခဲ့တဲ့ နွေရာသီက အသင်းကိုရောက်ရှိလာပြီးနောက်ပိုင်း တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိသေးပါဘူး။ PSG ဟာ ပြင်သစ်လီဂူးအမှတ်ပေးဇယားမှာ (၁၁) ပွဲကစား၊ (၉) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံး ရမှတ် (၂၈) မှတ်နဲ့ ဒုတိယနေရာက လန်းစ်ကို (၇) မှတ်ဖြတ်ထားတာလည်းဖြစ်ပါတယ်။ 

Share

က္က