မလေးရှားနိုင်ငံသား Dota 2 Pro ဖြစ်တဲ့ Ahjit ဟာ တရုတ်အင်အားကြီးအသင်း PSG.LGD က ခေါ်ယူတာကို ခံခဲ့ရပေမယ့် ရက်ပိုင်းအတွင်း ပြန်လည်အစားထိုးခံလိုက်ရပါတယ်။

    မလေးရှားနိုင်ငံသား Dota 2 Pro ဖြစ်တဲ့ Ahjit ဟာ တရုတ်အင်အားကြီးအသင်း PSG.LGD က ခေါ်ယူတာကို ခံခဲ့ရပေမယ့် ရက်ပိုင်းအတွင်း ပြန်လည်အစားထိုးခံလိုက်ရပါတယ်။


ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းတွေထဲက တစ်သင်းအပါအဝင်ဖြစ်တဲ့ PSG.LGD အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းခန့်က အသင်းမှာ အချိန်အတော်အကြာကစားခဲ့တဲ့ Ame ကို ထုတ်ပယ်ပြီး မလေးရှားကစားသမား Ahjit နဲ့ အစားထိုးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။



ဒီလူစာရင်းအပြောင်းအလဲဟာ အသင်းပရိသတ်တွေအတွက်တော့ မနှစ်မြို့ဖွယ်ရာသတင်းဖြစ်ခဲ့ပြီး ဝေဖန်မှုများစွာပြုလုပ်လို့ အပြီးမှာတော့ PSG.LGD ဟာ အသင်းကိုရောက်ရှိတာ ရက်သတ္တပတ်တောင်မပြည့်သေးတဲ့ Ahjit ကို ကစားသမားစာရင်းက ထပ်မံထုတ်ပယ်ခဲ့ပါတယ်။ အသင်းကနေ လုံးလုံးလျားလျားထုတ်ပယ်လိုက်တာမျိုးမဟုတ်တာကြောင့် Ahjit ဟာ PSG.LGD အသင်းရဲ့လက်အောက်မှာရှိနေဦးမှာဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ကစားခွင့်တော့ ရရှိတော့မှာမဟုတ်ပါဘူး။


Ahjit ရဲ့နာမည်အရင်းက Lai Jay Son ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ မလေးရှားနိုင်ငံသားတစ်ဦးပါ။ သူ့ကို ပရိသတ်တော်တော်များများက WarriorsGaming.Unity အသင်းနဲ့အတူတွဲသိခဲ့ကြပြီး အဲဒီနောက်ပိုင်းမှာ Fnatic, Mineski, Clutch Gamer တို့လို SEA အသင်းကြီးတွေမှာ လှည့်လည်ဆော့ကစားခဲ့ပါတယ်။


Ahjit ဟာ တရုတ်လူမျိုး မလေးရှားနိုင်ငံသားဖြစ်ပြီး တရုတ်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာကြောင့် ၂၀၁၉ စက်တင်ဘာအရောက်မှာတော့ SEA Region ကိုစွန့်ခွာပြီး China Region မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြန်လည်စတင်ခဲ့ပါတယ်။ China Region မှာတော့ CDEC အသင်းနဲ့အတူ ၅ လခန့်လက်တွဲခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလ အရောက်မှာတော့ တရုတ်ရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်ခုဖြစ်တဲ့ PSG.LGD အသင်းကိုရောက်ရှိလာခဲ့ပါတယ်။


Ahjit ဟာ Ame ရဲ့ Position 1 နေရာမှာအစားထိုးရမယ့် ကစားသမားဖြစ်ပြီး ပရိသတ်တော်တော်များများကတော့ Ahjit ဟာ PSG.LGD အသင်းရဲ့ Carry ကစားသမားဖြစ်ဖို့ လုံလောက်တဲ့အစွမ်းအစမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ PSG.LGD အသင်းက Ahjit ကို ကစားသမားစာရင်းထဲက ထုတ်ပယ်ခဲ့ပြီး EHOME နဲ့ Team Sirius တို့မှာ ကစားခဲ့ဖူးတဲ့ ASD ကိုခေါ်ယူလိုက်ပါတယ်။

PSG.LGD အသင်းကနောက်ဆုံးခေါ်ယူလိုက်တဲ့ ASD ဟာ Mid ကစားသမားဆိုပေမယ့် LGD မှာတော့ Carry Role ကို တာဝန်ယူကစားသွားရမှာဖြစ်ပါတယ်။ PSG.LGD အသင်းဟာ 2019-2020 DPC Season ရဲ့ ပထမဦးဆုံး Major ကိုဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သလို ဒုတိယမြောက် Major မှာလည်း လက်ရည်စစ်ပွဲမအောင်မြင်ခဲ့တာကြောင့် လက်ရှိအချိန်အထိ DPC Point မရရှိသေးပါဘူး။


အဲဒါကြောင့်လည်း တတိယမြောက် Major မှာပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လူစာရင်းကိုအတောင့်အတင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာဝူဟန်ဗိုင်းရပ်စ်ကြောင့် ESL One Los Angeles ပြိုင်ပွဲအတွက် China Qualifier ကိုနောက်ဆုတ်ပေးထားပြီး အဲဒီကရရှိတဲ့ရက်ပိုင်းခန့်အချိန်တိုအတွင်းမှာ PSG.LGD အသင်းအနေနဲ့ ကစားသမားအသစ်ကို အံခွင်ဝင်ကျဖြစ်အောင် ပုံစံသွင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က