မြန်မာနိုင်ငံတွင် သားဖောက်ရောင်းချမည့် ဝက်ဖြူကြီးမျိုးနှင့် ဝက်နီညိုမျိုးများဟာ တစ်ကောင်ကို တန်ဖိုးအားဖြင့် ယူရို တစ်ထောင်ကျော်မှ ခြောက်ထောင်ကျော်ထိရှိပြီး ဝက်(၂၇၁)ကောင်ကို စုစုပေါင်း ယူရို ၄၄၁,၂၆၄ တန်ဖိုးရှိကြောင်း သိရသည်။
photo- Supplies
ခွာနာ၊လျှာနာရောဂါ၊ သားလျှောရောဂါအစရှိသည့် ရောဂါကင်းရှင်းကြောင်း လက်မှတ်ရှိထားတဲ့ ပြင်သစ်နိုင်ငံမှ ဝက်ဖြူကြီးမျိုးနှင့် ဝက်နီညိုမျိုးများကို မြန်မာနိုင်ငံမှာ မွေးမြူသားဖောက်ပြီး သားပေါက်များမျိုးကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှာ ယခင်ချိန်များက ရန်ကုန်တိုင်းဒေသကြီး၊ ဒိုက်ဦးမှာ အဆိုပါဝက်မျိုးရင်းများ မွေးသည့်ဝက်ခြံရှိခဲ့ပြီး လက်ရှိမှာတော့ ၎င်းဝက်ခြံကို ဖျက်သိမ်းထားမှုကြာရှည်နေပြီဖြစ်ကာ မျိုးရင်းဝက်မျိုးများ နိုင်ငံအတွင်း လိုအပ်ချက်ရှိလာပါတယ်။ ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ပြင်သစ်နိုင်ငံမှ မျိုးရင်းဝက်များကို တရားဝင်တင်သွင်းခွင့်ပြုပြီး မြန်မာနိုင်ငံ၊ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် မွေးမြူသားဖောက်ကာ ဝက်သားပေါက်များကို ထုတ်လုပ်ရောင်းချသွားမှာလည်းဖြစ်ပါတယ်။
" ကယားပြည်နယ်မှာ ဒီဝက်မျိုးရင်းတွေမွေးမြူသားဖောက်ပြီးရောင်းချဖို့အတွက် နယ်သာလန်နိုင်ငံက ကုမ္ပဏီတစ်ခုက မြေနေရာတွေပြင်ဆင်ပြီး ဝက်ခြံအဆောက်အဦတွေ ဆောက်ထားပါပြီ။ ဒီလိုဝက်မျိုးတွေက တရုတ်တို့၊ လာအိုတို့ဘက်မှာဆိုလည်း ရောဂါတွေဝင်နေတဲ့အတွက် တင်သွင်းခွင့်မပြုထားပါဘူး။ ထိုင်းကကျတော့ ရောဂါကင်းရှင်းတဲ့အတွက် နယ်စပ်ကနေတင်သွင်းခွင့်ပြုထားပါတယ်။ အခုဝက်ဖြူကြီးမျိုးတွေကျတော့ ပြင်သစ်နိုင်ငံက ရောဂါကင်းရှင်းမှုလက်မှတ်ရထားတဲ့အတွက် ပြင်သစ်က ဝက်မျိုးရင်းတွေကို နယ်သာလန်ကုမ္ပဏီကဝယ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ဖြင့် တရားဝင်ရင်းနှီးမြှုပ်နှံပြီး မွေးမြူသားဖောက်ထုတ်လုပ်ရောင်းချသွားမှာပါ" ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှလှမွန်က Duwun ကိုပြောပါတယ်။
photo- Supplies
လက်ရှိတွင် အဆိုပါ ဝက်မျိုးရင်းများမှာ သြဂုတ် ၂၆ ရက်ည ၈နာရီခန့်က မြန်မာနိုင်ငံရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ရောဂါပိုးကင်းရှင်းရေးနှင့်ပတ်သက်ပြီးတော့ ဓာတ်ခွဲစစ်ဆေးကာ ခွင့်ပြုထားခဲ့ပြီး လက်ရှိမှာတော့ ကယားပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ တင်သွင်းရောက်ရှိလာတဲ့ မျိုးရင်းဝက် အကောင်ရေပေါင်း ၂၇၁ ကောင်ထိရှိပြီး မျိုးဝက်အထီးတစ်ကောင်လျှင် ကျပ် ၁၀၆ သိန်းခန့်နှင့်အမတစ်ကောင်လျှင် ၂၃ သိန်းခန့်ရှိပါတယ် ။ မြန်မာနိုင်ငံကိုတော့ မျိုးဝက်မ အကောင် (၂၅ဝ) နှင့် ဝက်သိုး (၂၁) ကောင်ရောက်ရှိလာတာဖြစ်ပြီး ဝက်တစ်ကောင်တန်ဖိုးဟာ မြန်မာငွေကျပ် ဆယ့်ခုနှစ်သိန်းခန့်ကနေ သိန်းတစ်ရာကျော်ထိ ကျသင့်ပြီး စုစုပေါင်း (ယူရို ၄၄၁,၂၆၄) တန်ဖိုး၊ မြန်မာငွေကျပ် သိန်းခုနှစ်ထောင်ကျော်တန်ဖိုး ရှိကြောင်း သိရသည်။
ယခုဝက်များဟာ ၂၆ ပတ်သားအရွယ်ဖြစ်ပြီး သားဖောက်လို့ ရနေပြီဖြစ်ကြောင်း၊ဗမာဝက်ပုံမှန်မွေးခြင်းထက် ပုံမှန်ကြီးထွားနှုန်းမှာမတူကြောင်း၊အခြားဝက်များက ရှစ်လလောက်မွေးရသည့်အချိန်တွင် ယခု ပြင်သစ်နိုင်ငံမှ မျိုးရင်းဝက်များမှာ လေး၊ငါးလဖြင့်မွေးမြူပြီးထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။