အာဆင်နယ်အသင်းဟာ ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့အတူ ရရှိခဲ့တဲ့ လီလီယမ်သူရမ်ရဲ့သား ဂူအင်ဂမ့်အသင်းတိုက်စစ်မှူး မားကပ်စ်သူရမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒေါ့မွန်အသင်းနဲ့အပြိုင် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။
ယခုရာသီမှာ ဂူအင်ဂမ့်အသင်းအနေနဲ့ လီဂူးဝမ်းမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်ရနေပြီး တန်းဆင်းဇုန်ရဲ့အထက် ၇ မှတ်အကွာ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။ မားကပ်စ်သူရမ်ဟာ ဂူအင်ဂမ့်အသင်းရဲ့ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့်ဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ကင်းထောက်စောင့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး အသင်းတို့ကလည်း မားကပ်စ်သူရမ်ရဲ့ ကစားပုံကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်တွေကို စေလွှတ်ခဲ့ဖူးတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်က မားကပ်စ်သူရမ်ကို ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ကစားသမားခေါ်ယူဖို့ စတင်ပြင်ဆင်နေပြီဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ ဒေါ့မွန်အသင်းဟာ အာဆင်နယ်ရဲ့အကြီးမားဆုံး ပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီကုန်အထိ အပြောင်းအရွှေ့တစ်ခုမှ ပြုလုပ်မှာမဟုတ်ဘဲ အပြောင်းအရွှေ့ပစ်မှတ်နဲ့ လိဂ်မှာ အဆင့်ဘယ်လောက်နဲ့ ရပ်တည်နိုင်မလဲဆိုတာပေါ်မူတည်ပြီး အပြောင်းအရွှေ့ဘတ်ဂျက်ကို ရရှိမယ်လို့ သိရပါတယ်။ တကယ်လို့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် သူရမ်ကို ပစ်မှတ်ထားသွားမှာဖြစ်ပါတယ်။