ယူရို၂၀၂၀ ခြေစစ်ပွဲတွေအတွက် ကစားရမယ့် ပြင်သစ်အသင်းမှာ မာရှယ်က တကျော့ပြန်ရွေးချယ်ခံခဲ့ရပေမယ့်လည်း ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ဝုလ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ပြင်သစ်အသင်း လူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ယူရို၂၀၂၀ ခြေစစ်ပွဲတွေအတွက် ကစားရမယ့် ပြင်သစ်အသင်းမှာ မာရှယ်က တကျော့ပြန်ရွေးချယ်ခံခဲ့ရပေမယ့်လည်း ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရုရှားကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မာရှယ်က ပြင်သစ်အတွက် နောက်ဆုံးကစားပေးခဲ့ပြီး တစ်နှစ်ခန့် ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ခြေစွမ်းပြကစားပေးနေခဲ့ပြီးနောက်မှာ ပြင်သစ်နည်းပြဒက်ချမ့်က မာရှယ်ကို လက်ရွေးစင်အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့ပြီး မော်ဒိုဗာ၊ အိုက်စလန်တို့နဲ့ ကစားရမယ်ပွဲတွေမှာ မာရှယ် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နိုင်ခဲ့ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ မာရှယ်ဟာ ဝုလ်နဲ့ ကစားခဲ့တဲ့ စနေနေ့ညနေပိုင်းက ပွဲစဉ်မှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်နဲ့ ပြင်သစ်အသင်းက ဆေးအဖွဲ့ (၂)ဖွဲ့ကြားမှာ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့လို့ အနားယူခဲ့ရပြီး ယူနိုက်တက်အတွက် ပြန်ကစားပေးနိုင်တာ (၂)ပွဲသာ ရှိပါသေးတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် အမှတ်ပေးသွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရပါတယ်။
သတင်းထောက်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ပိချ်ရဲ့ တွစ်တာမှာ ဖော်ပြထားချက်အရ မာရှယ်ရဲ့ နေရာအတွက် အက်သလက်တီကိုတောင်ပံကစားသမား သောမတ်စ်လီမာကို ပြင်သစ်အသင်းက ရွေးချယ်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး
နှစ်ဖက်အသင်းကတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။