ပင်စင်လစာ အပြောင်းအလဲ အစီအစဥ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝှမ်းမှာ စတင်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာ ဆယ်စုနှစ်များအတွင်း အကြီးဆုံး သပိတ်မှောက်ဆန္ဒပြမှုတွေ စတင်ခဲ့ရာ စာသင်ကျောင်းများပိတ်ထားရပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရပါတယ်။

(Photo: AFP via Getty Images)

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ ပင်စင်လစာ အပြောင်းအလဲ အစီအစဥ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝှမ်းမှာ ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) က စတင်ခဲ့ကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ခန့်မှန်းမှုအရ ပြင်သစ်တစ်ဝှမ်း အကြမ်းဖျင်းအားဖြင့် သပိတ်မှောက်ဆန္ဒပြမှု ၂၅၀ ရှိနိုင်ပြီး ရက်နဲ့ချီကြာမြင့်နိုင်ကြောင်း သိရပါတယ်။



ပြင်သစ်နိုင်ငံတစ်ဝှမ်း သပိတ်မှောက်မှုမှာ မူလတန်းနဲ့ အထက်တန်းကျောင်း ဆရာ ဆရာမများ၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ သူနာပြုများနဲ့ ဆေးရုံဝန်ထမ်းများ၊ ရှေ့နေများနဲ့ ရဲအရာရှိများ၊ အမှိုက်သိမ်းဝန်ထမ်းများ၊ စွမ်းအင်ဝန်ထမ်းများ၊ စာတိုက်ဝန်များ အပါအဝင် နယ်ပယ်အသီးအသီးက ပါဝင်ခဲ့ကြပါတယ်။

(Photo: EPA)

ပါရီမြို့မှာ လူဦးရေ ထောင်ပေါင်းများစွာ ပါဝင်ကြတဲ့ ဆန္ဒပြပွဲနှစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်များအတွင်း အကြီးဆုံး သပိတ်မှောက်မှုကြောင့် မြန်နှုန်းမြင့် TGV ရထားခရီးစဥ်တွေ ၉၀ ရာခိုင်နှုန်းနဲ့ လေကြောင်းခရီးစဥ် ၃၀ ရာခိုင်နှုန်းကို ဖျက်သိမ်းထားရပါတယ်။ ပါရီ၊ မာဆေးလ်၊ မောင့်ပယ်လီယာနဲ့ စိန့်ဒန်းနစ်တို့မှာ ကြီးမားတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ကြကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေကို လူဦး‌ရေ ၁ ဒသမ ၅ သန်း ပါဝင်ခဲ့ကြောင်း CGT အဖွဲ့အစည်းက ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ လူဦးရေ‌ ၈၀၆,၀၀၀ ပါဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပါရီမြို့မှာသစံတော်ချိန် မွန်းလွဲ ၂ နာရီက စုရုံးချီတက် ဆန္ဒပြမှုတွေ စတင်ခဲ့ကြောင်း BBC သတင်းဌာနက ပြောပါတယ်။ ပါရီမြို့မှာ ဆန္ဒပြမှုများအတွင်း မွန်းလွဲ ၃ နာရီအထိ လူ ၂၅ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း Le Parisien သတင်းစာက ဖော်ပြပါတယ်။

(Photo: AFP via Getty Images)

ပါရီမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲမှုတွေ ရှိခဲ့ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ အစီအစဥ်အရ နိုင်ငံရဲ့ ပုဂ္ဂလိကနဲ့ အစိုးရပိုင် မတူညီတဲ့လုပ်ငန်း ၄၂ မျိုးမှာ ပင်စင်လစာ အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပါတယ်။

ယခုအပြောင်းအလဲအရ ဝန်ထမ်းတွေဟာ ယခင်ကထက် နောက်ကျပြီးမှ အငြိမ်းစားယူရန် သို့မဟုတ်ပါက ပင်စင်လစာ လျော့နည်းရရှိမယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အငြိမ်းစားယူတဲ့ အသက်ကန့်သတ်ကို ၆၀ မှ ၆၂ နှစ်သို့ တိုးမြှင့်
ထားခဲ့ပါတယ်။

(Photo: AFP via Getty Images)

ယခုအခါ အစိုးရက စီစဥ်နေခဲ့တဲ့ အစီအစဥ်သစ်အရ အသက် ၆၄ နှစ်မတိုင်မီ အငြိမ်းစားယူပါက ပိုနည်းတဲ့ ပင်စင်လစာတွေသာ ရရှိမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် အသက် ၆၃ နှစ်အရွယ်မှာ အငြိမ်းယူသူတစ်ဦးဟာ ပင်စင်လစာငွေ ၅ ရာခိုင်နှုန်း လျော့နည်းရရှိမှာ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ ပြင်သစ်အစိုးရရဲ့ ပင်စင်လစာ အပြောင်းအလဲ အစီအစဥ်ကို နိုင်ငံတစ်တစ်ဝှမ်း အထွေထွေသပိတ်ဆင်နွှဲခဲ့ကြရာ သယ်ယူပို့ဆောင်ရေးစနစ် သီတင်းသုံးပတ်ကြာအထိ ရပ်ဆိုင်းသွားခဲ့ပြီး အားပေးထာက်ခံမှုများစွာ ရှိလာခဲ့ကာ အစိုးရက အစီအစဥ်ကို ပြင်ဆင်ခဲ့ရဖူးပါတယ်။ သမ္မတမက်ခရွန် အစိုးရအဖွဲ့က ၁၉၉၅ ခုနှစ်ကကဲ့သို့ ထပ်မဖြစ်အောင် ရှောင်လွှဲနိုင်ရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က