ပြင်သစ်မှာ အစိုးရကပြုလုပ်စေခဲ့တဲ့ စစ်ဆေးမှုရလဒ်တစ်ခုအရ နိုင်ငံထဲရှိ တံတားအစင်းရေ ၈၄၀ ဟာ ဆိုးရွားစွာပျက်စီးနေပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။
အီတလီနိုင်ငံမှာ တံတားပြိုကျမှုကြောင့် သေဆုံးခဲ့သူတွေ၏ ဈာပနအခမ်းအနား (Photo: AP)
သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ အစိုးရက ယခင်ကတည်းက နိုင်ငံအတွင်း အခြေခံ အဆောက်အအုံသစ်ဆိုင်ရာ အသုံးစရိတ်များ သုံးစွဲသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။
သို့သော် သြဂုတ် ၁၄ ရက်နေ့က အိမ်နီးချင်း အီတလီနိုင်ငံမှာ တံတားတစ်စင်းပြိုကျကာ လူ ၄၃ ဦး သေဆုံးမှု ဖြစ်ခဲ့ပြီးနောက် ပြင်သစ်အစိုးရကိုလည်း ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။
တနင်္ဂနွေနေ့ (သြဂုတ် ၁၉ ရက်) က Journal du Dimanche သတင်းစာမှာ ထုတ်ပြန်ဖော်ပြခဲ့တဲ့ စစ်ဆေးမှုရလဒ်အရ ပြင်သစ်နိုင်ငံအတွင်း အစိုးရရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ တံတားအစင်းရေး ၁၂,၀၀၀ အနက် သုံးပုံတစ်ပုံဟာ ပြုပြင်ရန်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံရှိ တံတားတစ်စင်း (Photo: Francois Mori/AP)
တစ်နိုင်ငံလုံးရှိ တံတားတွေရဲ့ ၇ ရာခိုင်နှုန်းဖြစ်တဲ့ တံတားအစင်းရေ ၈၄၀ ကတော့ လက်ရှိ အခြေအနေအတိုင်း ထားရှိပါက လာမယ့်နှစ်များအတွင်း ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အဆိုပါ စစ်ဆေးမှုရလဒ်က ပြောထားပါတယ်။
ထိုစစ်ဆေးမှုက ပြင်သစ်နိုင်ငံအတွင်း ပုဂ္ဂလိကပိုင် ကုမ္ပဏတွေ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ အခြား အစင်းရေထောင်နဲ့ချီတဲ့ တံတားတွေရဲ့ အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိ ပြင်သစ်အစိုးရက ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်ဆေးမှုရလဒ်တစ်ခုမှာတော့ ယခင်အစိုးရတွေက စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ကြောင်းနဲ့ လမ်းပိုင်းဆိုင်ရာ အသုံးစရိတ် လုံလောက်စွာမသုံးခဲ့ကြောင်း အပြစ်တင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရှိ တံတားမြင်ကွင်း (Photo: AFP)
ယာဉ်အသွားအလာ များပြားလာမှုနဲ့ ရာသီဥတုကြောင့် လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ပြဿနာကို ပိုမိုဆိုးရွားလာစေခဲ့တယ်လို့လည်း ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး အဲလစ်ဇဘက်သ်ဘွန်းကတော့ တံတားတွေကို ပြုပြင်ထိန်းသိမ်းမှု ဦးစားပေး လုပ်ဆောင်မှာဖြစ်ပြီး ပြင်သစ်လမ်းတွေအတွက် အသုံးစရိတ် ယူရိုငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံ) အသုံးပြုသွားရန် စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Franceinfo ရေဒီယိုသတင်းဌာနကို ပြောခဲ့ပါတယ်။
ဂျီနိုအာမြို့ရှိ မိုရန်ဒီတံတား ပြိုကျခဲ့မှု (Photo: Reuters)
ပြင်သစ်နဲ့အိမ်နီးချင်း အီတလီနိုင်ငံမှာ သြဂုတ် ၁၄ ရက်နေ့က ဂျီနိုအာမြို့ရှိ မိုရန်ဒီတံတား ပြိုကျခဲ့မှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပါတယ်။
မိုရန်ဒီတံတားကို ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း တည်ဆောက်ခဲ့ပြီး ပေ ၆၅၀ ရှည်လျားကြောင်း သိရပါတယ်။ အဆိုပါ တံတားဟာ အီတလီအနောက်မြောက်ပိုင်း A10 အမြန်လမ်းမကြီးပေါ်မှာ တည်ရှိနေပြီး အောက်ဘက်မှာ မြစ်တစ်စင်းနဲ့ ရထားလမ်းများ ရှိပါတယ်။