ကြေးနဲ့ဖန်တီးထားတဲ့ ကြေးပန်းချီလက်မှုပညာရပ်တစ်ခုဟာ အခုအခါမှာတော့ အလုပ်သမားရှားပါးမှု ပစ္စည်းဝယ်ယူရတာခက်ခဲမှုတွေကြောင့် ပျောက်ကွယ်ရတော့မယ့်အခြေအနေဖြစ်ပေါ်နေပါတယ်။ ဆန်းသစ်တီထွင်မှုအနုပညာတစ်ခုဖြစ်တဲ့ ဒီကြေးပန်းချီလက်မှုပညာရပ်ကို စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်နေကိုကျော်ကျော်ဆိုသူက 'ဧရာဝတီကျော်ကြီး' ကြေးပန်းချီလုပ်ငန်း အမည်နဲ့ ဆက်လက်ထိန်းသိမ်းထားပြီး တစိုက်မတ်မတ်လုပ်ကိုင်နေတာ ဖြစ်ပြီး စစ်ကိုင်းမြို့မှာ ကြေးပန်းချီလုပ်ငန်းလုပ်ငန်းသူက သူတစ်ဦးတည်းရှိတော့တယ်လို့ သိရပါတယ်။
"ကြေးတန်ဖိုးမြင့်တက်လာတာကတစ်ကြောင်း၊ ဒီလုပ်ငန်းကို စိတ်ဝင်စားမယ့်သူ နည်းလာတာတစ်ကြောင်း ဒီပညာရပ်လေးက ပျောက်ကွယ်ရမလိုဖြစ်နေတာပေါ့နော်၊ ကျွန်တော်ကတော့ ဒီပညာတိမ်ကောပျောက်ကွယ်မသွားရအောင် ထိန်းသိမ်းသွားမှာပါ" လို့ ကိုကျော်ကျော်က Duwun ကိုပြောပါတယ်။
ကိုကျော်ကျော်က ဒီပညာရပ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ခန့်က ရန်ကုန်မြို့ကသူ့ဆရာတစ်ယောက်ဆီကနေ သင်ယူတတ်မြောက်လာတာလို့သိရပြီး ဒီကြေးပြားပေါ်မှာ ပန်းချီဖန်တီးမှုက ခေတ်နဲ့အညီဆန်းသစ်တီထွင်မှုတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။
"ကြေးပန်းချီက မိုလောင်းတာမဟုတ်ဘူးဗျ၊ ကြေးပြားကို စူး စောက်တွေသုံးပြီး အနုစိတ်လုပ်ရတာပါ၊ အရင်ဦးဆုံး လိုချင်တဲ့ဒီဇိုင်းဆွဲရတယ်၊ အဲဒါကိုမှ ကြေးပြားပေါ်မှာထွင်းထုရတာပါ၊ ပန်းချီအခြေခံရှိရင် လုပ်နိုင်ပါတယ်" လို့လည်း သူကပြောပါတယ်။
ကြေးပန်းချီကားချပ်တွေဟာ ဗုဒ္ဓဝင်ဇာတ်တော်ကြီးတွေ၊ လူရုပ်နတ်ရုပ်ကစလို့ ချစ်စရာတိရစ္ဆာန်ရုပ်ပုံလေးတွေအဖြစ်ဖန်တီးထားတဲ့ ပန်းချီကားတွေပဲဖြစ်ပြီး ဒါတွေကို ကတ္ထီပါနောက်ခံနဲ့ဘောင်ကွပ်ပြီး ဈေးကွက်မှာရောင်းချတာဖြစ်တယ်လို့သိရပါတယ်။
"ပစ္စည်းဈေးတက်တာက ဒီလောက်မဟုတ်ဘူး။ လုပ်မယ့်လူမရှိတာက အခက်အခဲတစ်ခုပါ။ ကျွန်တော်ကတော့ ဆက်လက်ထိန်းသိမ်းသွားမှာပါ၊ ဒီစိတ်ဝင်စားစရာလက်မှုပညာရပ်ကို လေ့လာချင်တယ်ဆိုရင် လာရောက်လေ့လာလို့ရပါတယ်" လို့လည်း ကိုကျော်ကျော်ကဖိတ်ခေါ်ထားပါတယ်