ဒေါ်နန်ပူ၊ ဦးအောင်ကျော်မိုးနဲ့ ဦးရောဘတ်စန်းအောင်တို့ ရရှိခဲ့တာပါ။

မြန်မာပြည်တွင်း ကျား/မရေးရာ၊ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတို့မှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၃ ဦးကို ဥရောပသမဂ္ဂက ရှုးမန်းဆုတွေ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

အများသူငါအတွက် မီးရှုးတိုင်ကို သယ်ဆောင်ပေးတဲ့ အဓိပ္ပာယ်အနေနဲ့ ကျား/မရေးရာ နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုသူ ဦးရောဘတ်စန်းအောင်တို့က ရရှိခဲ့တာဖြစ်ပါတယ်။

Photo- Rice Com

ဆိုပါ ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်မြို့ ဥရောပသမဂ္ဂသံအမတ်နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂသံအမတ် Kristian Schmidt က “ အလင်းရောင်ကို လိုချင်ရင် အလင်းရောင်ကိုဆောင်ကြဉ်းပေးတဲ့မီးရှူးတိုင်ကို သယ်ဆောင်ပေးတဲ့သူတွေကို ကာကွယ်ပေးရမယ်။ သူတို့တတွေရဲ့အလင်းဟာ အကျဉ်းထောင် ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်တွေ ကနေ ထွန်းလင်းပေးနေတာဖြစ်တယ်။ ဒီအကြောင်းကို ကျွန်တော့်ထက် မြန်မာနိုင်ငံသားတွေက ပိုပြီးတော့ သိပါတယ်။ ခင်ဗျားတို့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို အဆုံးသတ်ချင်တယ်ဆိုရင် ဒါတွေကို ဆန့်ကျင်ပြီး ရပ်တည်နေသူတွေနဲ့အတူ ခင်ဗျားတို့အတူရှိနေဖို့ သတ္တိရှိရပါမယ်။ သူတို့တွေချည်း လျှောက်ဖို့ မသင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Photo- Rice Com

ဥရောပသမဂ္ဂအဖွဲ့က တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရေးမှာ စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်သူများကို အသိအမှတ်ပြုတဲ့ ရှုးမန်းဆုတွေကို မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စပြီး ချီးမြှင့်ခဲ့တာပါ။

ဆုရရှိခဲ့တဲ့ ဒေါ်နန်ပူမှာ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေကိုယ်စား ဆန္ဒပြခဲ့လို့ ထောင်ဒဏ် ၆ လကျခံနေရတာဖြစ်ပါတယ်။ ဒေါ်နန်ပူဟာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဒုက္ခရောက်နေတဲ့ အမျိုးသမီးအရေး ကူညီဆောင်ရွက်ပေးနေသူဖြစ်ပြီး လူကုန်ကူးမှုနဲ့ လိင်အကြမ်းဖက်မှုကို ခံစားခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရှိစေဖို့ ကူညီပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

ကိုအောင်ကျော်မိုးမှာ ရခိုင်ပဋိပက္ခတွေ အတွင်း မိသားစုတွေကို အကူအညီပေးရုံသာမက လူငယ်တွေကို ငြိမ်ချမ်းရေးတည်ဆောက်လာသူတွေဖြစ်ဖို့ ပြုစုပျိုးထောင်ပေးခဲ့ပါ။ ရှေ့နေ ဦးရောဘတ်စန်းအောင်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး နိုင်ထက်စီးနင်းပြုကျင့်ခံရသူတွေ တရားမျှတမှုရရှိအောင် ဆောက်ရွက်ပေးနေပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု၊ ကလေးစစ်သားအမှု၊ နိုင်ငံရေးအကျဉ်းသားအမှု၊ ကျောင်းသားတက်ကြွလှုပ်ရှားသူများအမှု တွေမှာ ဝေဖန်မှုခံရတဲ့အပြင် အသက်ကိုခြိမ်းခြောက်ခံရသည်အထိ ဖြစ်စေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က