ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲ ပထမပိုင်းအပြီးတည်းက တသင်းလုံးကို လူစားလဲပစ်ချင်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်း (၃၅) မိနစ်တည်းက အိမ်ရှင်ဘရန့်ဖို့ဒ်ရဲ့ လေးဂိုးပြတ်နဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရပါတယ်။



ဒါပေမယ့် လက်ကျန်ပွဲကစားချိန်တွေမှာတော့ ဂိုးထပ်မပေးရတော့ဘဲ ယူနိုက်တက်တို့ အရှက်ကွဲသက်သာခဲ့ရပါတယ်။ ဒီပွဲမှာ တန်ဟက်ခ်တယောက် သူ့အသင်းရဲ့ကစားပုံကို တော်တော်လေးစိတ်ပျက်နေခဲ့ပြီး ဒုတိယဂိုးပေးလိုက်ရချိန်မှာလည်း ခေါင်းတခါခါနဲ့ဖြစ်နေခဲ့တာကို ရုပ်သံကင်မရာတွေက ချိန်သားကိုက် မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

ပထမပိုင်းအပြီးမှာ တန်ဟက်ခ်က လုခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဖရက်ဒ်တို့နေရာမှာ မာလာစီယာ၊ ဗာရန်း၊ တွမ်မီနေးတို့ကို လူစားလဲထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ဆန်ချိုနေရာမှာ အီလန်ဂါ၊ အဲရစ်ဆင်နေရာမှာ ဗန်ဒီဘိခ်တို့ကို လူစားလဲခဲ့ပါသေးတယ်။ လူစားလဲမှုအနေအထားနဲ့ပတ်သက်လို့ တန်ဟက်ခ်က “ပထမပိုင်းအပြီးမှာ ကျနော် ကစားသမားသုံးယောက်ပဲ လူစားလဲခဲ့ပါတယ်”

“ဒါပေမယ့် ကျနော် တသင်းလုံးကို လူစားလဲပစ်ချင်ခဲ့တာပါ။ ကျနော့်အနေနဲ့ ပွဲအတွက် လန်းဆန်းတဲ့ခွန်အားတွေကိုပဲ ရှိစေချင်တော့လို့ပါ။ ဒီတော့ လူစားလဲလိုက်တဲ့တယောက်ချင်းစီကို အကြောင်းအရင်းနဲ့ပတ်သက်လို့ အတိအကျမပြောတော့ပါဘူး။ ဒီလိုရှင်းနေတာကလည်း သူတို့အပေါ် ရိုးသားတယ်မထင်လို့ပါ။ ဒီပွဲမှာ ဘရန့်ဖို့ဒ်က ကျနော်တို့ထက် နိုင်ပွဲကိုပိုမိုဆာလောင်ခဲ့တာလည်း ကျနော်တို့ အားလုံးမြင်ခဲ့မယ်ထင်ပါတယ်”

“ဒီလိုမျိုးဖြစ်ခဲ့တာနဲ့ပတ်သက်လို့ လာမယ့်နာရီပိုင်းအတွင်းမှာ ကျနော်တို့ မေးခွန်းထုတ်ရပါလိမ့်မယ်။ ကောင်းမွန်တဲ့အစီအစဥ်ဆိုတာရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ဒါကို အမှိုက်ပုံးထဲထည့်ထားရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲကစား၊ နှစ်ပွဲရှုံးရလဒ်ကြောင့် အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က