ဆီမီးဖိုင်နယ်တက်ဖို့ အဆုံးအဖြတ်ပွဲဖြစ်တဲ့ အုပ်စုနောက်ဆုံးပွဲမှာတော့ မြန်မာအသင်းဟာ အင်ဒိုနီးရှားကို ပထမပိုင်းမှာ ပေးခဲ့ရတဲ့ သွင်းဂိုးတွေကြောင့် အရေးနိမ့်ခဲ့ရကာ ဆီးဂိမ်းမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ အရေးကြီးပွဲစဉ်မှာ အင်ဒိုကို ဂိုးတွေစောစောစီးစီးပေးခဲ့ရလို့လည်း အခုလိုရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
ပွဲအစ ၆ မိနစ်နဲ့ ၁၀ မိနစ်မှာပဲ အင်ဒိုနီးရှားက ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး ပွဲကိုဦးဆောင်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာအသင်း ရုန်းကန်ခဲ့ရပြီး ကစားကွက်ပါပျက်ခဲ့ကာ စိုးရိမ်စိတ်နဲ့ ဖိအားတွေရှိသွားခဲ့ပြီး ပုံစံကောင်းပြသနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ အင်ဒိုနီးရှားက ၄၅ မိနစ်မှာ နောက်ထပ်တဂိုးထပ်မံသွင်းယူခဲ့ပြီးချိန်မှာတော့ ပွဲကပြီးသလောက်ဖြစ်သွားခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ချေပဂိုးတွေရဖို့ မြန်မာက တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် အင်ဒိုနီးရှားခံစစ်ကို ကျော်ဖြတ်ဖို့တော့ မလွယ်ကူပဲရှိနေခဲ့ပါတယ်။ အင်ဒိုက ဧရိယာထဲကို အဝင်မခံဘဲ စည်းအပြင်မှာတင် ရှင်းထုတ်ဖို့ကို အာရုံစိုက်ခဲ့လို့ မြန်မာက အဝေးကန်ချက်တွေကို အားကိုးခဲ့ရပါတယ်။ ၆၆ မိနစ်မှာတော့ ဝင်းနိုင်ထွန်းရဲ့ ကန်ချက်က အင်ဒိုနောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့လို့ ချေပဂိုးတဂိုး ပြန်လည်ရရှိခဲ့ပါတယ်။
ဒီအချိန်မှာ အင်ဒိုနီးရှားက ခံစစ်ကိုပိုမိုအားပြုသွားခဲ့ကာ ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာအသင်း ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့်လည်း အရာမထင်တော့ဘဲရှိခဲ့ပြီး အင်ဒိုနီးရှားကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းရှုံးကြွေးကို မြန်မာတို့ ပြန်မဆပ်နိုင်ခဲ့ဘဲ ရှုံးကြွေးထပ်တင်ခဲ့သလို ကြေးတံဆိပ်ရခဲ့တဲ့ အောင်မြင်မှုကို ပြန်လည်လိုက်မမီတော့ဘဲ အုပ်စုအဆင့်နေသာ လှည့်ပြန်ခဲ့ရပါတော့တယ်။