လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာတင် ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ အိုနာနာဟာ ယူနိုက်တက်နဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်ခန်း ဆင်းနေပြီလည်း ဖြစ်ပါတယ်။
အဆိုပါ ဂိုးသမားကို ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ပေါင် (၄၇) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် (၂၇) နှစ်အရွယ် အိုနာနာက တန်ဟက်ခ်အတွက် ဦးစားပေး ပွဲထွက် ဂိုးသမားဖြစ်လာမှာပါ။ အိုနာနာဟာ တန်ဟက်ခ်နဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးပြီး တန်ဟက်ခ်ကတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ဒီဂီယာကို လက်လွှတ်ခံပြီး အိုနာနာကို ခေါ်ယူခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာတော့ အိုနာနာက “ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အရိုးသားဆုံး ပြောတာပါ။ ကျွန်တော် ယူနိုက်တက်အတွက် ကစားပေးဖို့ တကယ်ကို စိတ်လှုပ်ရှားနေတာပါ။ ကျွန်တော် ဒါကို စဉ်းတောင်း မစဉ်းစားချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီည အိပ်လို့တောင် ပျော်မှာ မဟုတ်လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အိုနာနာဟာ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်ရမယ့်အကြောင်းကို ပြောကြားချိန်မှာ တော်တော်လေး စိတ်လှုပ်ရှားနေပြီး ပရိသတ်တွေကတော့ အိုနာနာရဲ့ ဒီအင်တာဗျူးအပေါ် သဘောကျနှစ်သက်နေကြပါတယ်။ ပရိသတ်တွေက “ထိပ်တန်း ကစားသမားပဲ။ ဒါက သူ့အတွက် အိပ်မက်တစ်ခုဖြစ်တာကို တွေ့ရပါတယ်”
“သူ့ရဲ့ အပြုအမူနဲ့ အရမ်းကို ရိုးသားလွန်းပါတယ်” ဒီကစားသမားက တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ ကစားသမားဖြစ်သွားပါပြီ” “သူက ယူနိုက်တက်ကို နောက်တစ်ဆင့်ဆီ ဆွဲခေါ်သွားပေးမှာပါ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။ အိုနာနာဟာ လက်ရှိမှာ ယူနိုက်တက်နဲ့အတူ အမေရိကန်မှာ ပူးပေါင်းနေပြီး ရာသီကြိုခြေစမ်းပွဲကာလမှာတင် အသင်းအတွက် ပထမဆုံး ကစားပေးသွားဖို့ ရှိနေပါတယ်။