အာရှသားတွေအနေနဲ့ ဆောင်းရာသီရဲ့ ပထမဆုံး နှင်းတွေကျတဲ့ ခံစားမှုကို ကိုယ်တိုင် မြင်တွေ့ခံစားဖို့ စိတ်ကူးနေရင်တော့ ဒီဇင်ဘာလမှစပြီး နှင်းတွေ ဖွေးဖွေးလှုပ်ကျဆင်းတတ်တဲ့ ခရီးစဉ် (၄) ခုကို တင်ဆက်ပေးလိုက်ပါတယ်။
တောင်ကိုရီးယား (South Korea)
ကိုရီးယားဟာ နှင်းထူထပ်တဲ့ ဆောင်းရာသီကို ခံစားရနိုင်ပြီး လေယာဉ်လက်မှတ်နဲ့ ဗီဇာလျှောက်ထားဖို့လည်း လွယ်ကူတဲ့အတွက် မြန်မာခရီးသွားတွေကြားမှာ ရေပန်းစားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီမှာ နာမည်ကျော်ကြားတဲ့ ပွဲတော်တစ်ခု ဖြစ်တဲ့ "Seorak Snow Flower Festival" ပွဲတော်ကို ဂန်ဝမ်ဒို (Gangwon-do) ခရိုင်၊ အင်ဂျယ် (Inje) ဒေသမှာ ကျင်းပလေ့ရှိပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ Seoraksan အမျိုးသားဥယျာဉ်ရဲ့ အလှတရားတွေကို ပွဲတော်နဲ့ ပေါင်းစပ်ခံစားရစေမှာပါ။ Seoraksan National Park ကတော့ ဒီဇင်ဘာလမှာ တောင်တက်လမ်းတွေ ပိတ်နိုင်ပေမဲ့ ရင်သပ်ရှုမောဖွယ် နှင်းဖုံးတောင်တန်းတွေကို မြင်တွေ့ချင်သူတွေအတွက်တော့ ဒီနေရာက ရွေးချယ်ဖို့ အသင့်ဆုံးပါပဲ။
နှင်းလျှောစီး ဝါသနာရှင်တွေအတွက်လည်း တောင်ကိုရီးယားမှာရှိတဲ့ Alpensia Resort, Yongpyong Resort နဲ့ Phoenix Pyeongchang အပန်းဖြေစခန်းတို့က နာမည်ကျော်ကြားလှပြီး ချစ်သူနဲ့ရော၊ မိသားစုနဲ့ပါ အတူတူအပန်းဖြေနိုင်ပါတယ်။
ဂျပန် (Japan)
ဂျပန်ရဲ့ Hokkaido ကျွန်းပေါ်က Niseko စခန်းဟာ ကမ္ဘာကျော် နှင်းလျှောစီး Ski Resort တစ်ခုဖြစ်ပြီး ဒီနေရာရဲ့ နှင်းတွေဟာ အလွန်ချောမွေ့ပြီး သိပ်သည်းဆမြင့်မားလို့ နှင်းလျှောစီးဝါသနာရှင်တိုင်းရဲ့ အိပ်မက်မက်ရာ နေရာတစ်ခုပါ။Sapporo ကတော့ ဟော့ကိုင်ဒိုရဲ့ မြို့တော်ဖြစ်ပြီး ကြီးမားတဲ့ မြေအောက်ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေရှိတဲ့အတွက် အေးတဲ့ ရာသီဥတုမှာတောင် သွားလာရ လွယ်ကူပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Sapporo Snow Festival ကလည်း ကမ္ဘာကျော်ပါတယ်။ ဂျပန်ရိုးရာ ရေပူစမ်းတွေမှာ ရေပူစိမ်တာကလည်း ထူးခြားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်စေမှာပါ။ ဒါ့အပြင် Hokkaido ကျွန်းဟာ ဂျပန်မှာ နို့ထွက်ပစ္စည်း ဒိန်ခဲ၊ နို့၊ ရေခဲမုန့်နဲ့ ဂဏန်း၊ ခရု၊ ပုစွန်လို လတ်ဆတ်တဲ့ပင်လယ်စာတွေ ကြိုက်သူတွေအတွက် အကောင်းဆုံးနေရာ ဖြစ်ပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းနဲ့ ဇန်နဝါရီလမှာဆိုရင်တော့ ရေခဲပြင်ကို ဖြတ်မောင်းတဲ့ သင်္ဘောစီးတဲ့ အတွေ့အကြုံလည်း ရနိုင်ပါသေးတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း (Northern China)
နှင်းတွေ ထူထူထပ်ထပ် ကျနေတာကို မြင်ချင်သူတွေအတွက်တော့ တရုတ်နိုင်ငံကို ရွေးဖို့ ပိုသင့်တော်ပါတယ်။ဒီဇင်ဘာလမှာ အလွန်အေးပြီး ကမ္ဘာကျော် ရေခဲပန်းပု ပွဲတော် (Ice Festival) ကို ဒီဇင်ဘာလကုန်ပိုင်းကနေ ကျင်းပလေ့ရှိတဲ့ ဟာဘင်းမြို့ (Harbin) ကတော့ ထူးခြားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဟာဘင်ဟာ ရုရှားနဲ့ ဥရောပ ယဉ်ကျေးမှု လွှမ်းမိုးထားပြီး Saint Sophia Cathedral ဘုရားကျောင်းကြီးရဲ့ ဗိသုကာလက်ရာဟာ နှင်းတွေဖုံးလွှမ်းသွားချိန်မှာ ထူးခြားလွန်းလို့ တစိမ့်စိမ့်ကြည့်ပြီး မှတ်တမ်းတင်ရတဲ့အထိပါပဲ။ အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ မီးကင်အသားများ (BBQ) နဲ့ ဒေသခံ စားသောက်ဆိုင်တွေဟာ နာမည်ကြီးပါတယ်။ရေခဲကန်တွေပေါ်မှာ ရေခဲငါးဖမ်းတာ၊ ရေခဲစကိတ်စီးတာစတဲ့ ဆောင်းရာသီလှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါသေးတယ်။အပြင်မှာ အလွန်အေးနေပေမဲ့ လမ်းဘေးမှာ ရေခဲချောင်းတွေကို ရောင်းချနေတာဟာ ဟာဘင်ရဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။
တူရကီ (Turkey)
အာရှတိုက်နဲ့ ဥရောပတိုက်ကြီးနှစ်ခုကြားမှာ တည်ရှိတဲ့ တူရကီနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ နှင်းမြင်ကွင်းခင်းကို တစ်ပြိုင်တည်း ခံစားလိုသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။Hagia Sophia နဲ့ Blue Mosqueလို ရှေးဟောင်းအဆောက်အဦတွေဟာ ကမ္ဘာကျော်ပြီး နှင်းဖွေးဖွေးကျတဲ့ ဆောင်းရာသီ ရှုခင်းတွေက ရင်သပ်ရှုမောဖွယ် ကောင်းပါတယ်။ Spice Bazaar မှာ တူရကီလက်ဖက်ရည် နွေးနွေးလေးသောက်ရင်း စျေးဝယ်ရတာကလည်း အတွေ့အကြုံသစ်တစ်ခု ဖြစ်စေမှာပါ။ နှင်းတွေ ဖွေးဖွေးလှုပ်ဖုံးလွှမ်းနေတဲ့ Fairy Chimneys ရှုခင်းပေါ်မှာ ပူဖောင်းစီးရင်း အမှတ်တရခရီးစဉ်ကို ချစ်ရသူနဲ့အတူ မျှဝေနိုင်ပါတယ်။ နှင်းကျနေတဲ့ Istanbul မြို့ဟောင်းမှာရှိတဲ့ ဗလီနဲ့ ရှေးဟောင်း ဘုံကျောင်းတွေကို လည်ပတ်ရင်း ဒေသခံ ယဉ်ကျေးမှုကို ဆောင်းရာသီအငွေ့အသက်နဲ့အတူ စီးမျောဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလဟာ နှင်းအများဆုံးကျတဲ့ ကာလဖြစ်လို့ ခရီးသွားလာရေးကို မထိခိုက်စေဖို့ အအေးဒဏ်ခံနိုင်တဲ့ နှင်းကာ၊ လေကာအနွေးထည်၊ လက်အိတ်၊ ခြေအိတ်နဲ့ အပူပေးအိတ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့တော့ အကြံပြုလိုက်ပါရစေ။