ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်လီဂါဖလားကို ကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ မနေ့ညက ဘိုင်ယန်မြူးနစ်တို့ လိုက်ဇစ်ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တာကြောင့် လက်ကျန် ၂ ပွဲအလိုမှာ ဒေါ့မွန်အတွက် အခွင့်အရေးတွေ ပိုမိုရရှိသွားခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်က ၁ ပွဲသာ ကစားဖို့ကျန်တော့ပြီး ဒေါ့မွန်ကို ၁ မှတ်သာ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ၂ပွဲဖြစ်တဲ့ အော့စ်ဘတ်၊ မိန့်ဇ်တို့ကို ဒေါ့မွန်တို့ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးချန်ပီယံဖြစ်လာတော့မှာပါ။ ဒါဟာ ဘိုင်ယန်က ဆယ်စုနှစ်တခုကျော် လွှမ်းမိုးထားခဲ့တဲ့ အမှတ်ပေးဖလားကို ဒေါ့မွန်တို့ လုယူနိုင်မှာလည်း ဖြစ်ပါတယ်။
မာကိုရူးစ်ကတော့ ခြေစွမ်းခြေစကောင်းပြီး ခေါင်းဆောင်တဦးရဲ့ စိတ်ဓာတ်မျိုးလည်းပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုလည်း ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ ကစားသမားမှာ ဒဏ်ရာပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရပြီး အောင်မြင်မှု ကြီးကြီးမားမားရဖို့ဇာတာက ချို့တဲ့လွန်းခဲ့ပါတယ်။ ပြိုင်ပွဲကြီးတွေရှိလာပြီဆိုရင် မာကိုရူးစ်တယောက် ဒဏ်ရာတွေရပြီး လွဲချော်ကာ အောင်မြင်ဖို့အတွက် ကံက နည်းပါးလွန်းခဲ့ပါတယ်။
သူ့ကစားသမားဘ၀မှာ ဒဏ်ရာစုစုပေါင်း ၆၃ ကြိမ်အထိ ရရှိခဲ့ပြီး ရက်ပေါင်း ၂၂၀ ကြာ အနားယူရတာ တကြိမ်၊ ရက်ပေါင်း ၁၇၆ ရက်ကြာ အနားယူရတာ တကြိမ်အပါအဝင် အနားယူရတဲ့ကာလချည်းပဲ စုစုပေါင်းလိုက်ရင် ၂ နှစ်ကျော်၊ ၃ နှစ်အထိရှိခဲ့တာပါ။ ဒီလိုနဲ့ပဲ မာကိုရူးစ်အတွက် အိပ်မက်ဆိုးတွေဆိုတာက ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်လာခဲ့ရတာပါပဲ။ အခုဆိုရင် သူ့အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပြီး ဒေါ့မွန်အတွက် သူ ကစားပေးတာလည်း ဆယ်စုနှစ်တခုပြည့်ခဲ့ပြီဖြစ်ပါတယ်။
၁၀ နှစ်အတွင်းမှာ သူ ကစားပေးခဲ့တာ ပွဲပေါင်း ၃၅၆ ပွဲပဲရှိပါတယ်။ အခုထိ သူ ဘွန်ဒက်လီဂါဖလား မရဖူးသေးဘဲ ပိုကယ်ဖလား ၂လုံးနဲ့ ဂျာမန်စူပါဖလား ၃ လုံးပဲ ပိုင်ဆိုင်ထားတာပါ။ အခုတော့ ဒေါ့မွန်သာ လက်ကျန် ၂ ပွဲကို အနိုင်ရမယ်ဆိုရင် မာကိုရူးစ်က ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ ဒေါ့မွန်တသင်းလုံးကလည်း သူ့အတွက် ကစားပေးဖို့ကို စိတ်အားထက်သန်နေပါလိမ့်မယ်။