စျေးကွက်ထဲမှာ ကစားသမားသစ်တဦးမခေါ်ယူနိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီယင်နုဘယ်နောက်ခံလူ တိုင်ရယ်လ်မာလာစီယာကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ကစားသမားအတွက် ကလပ်အသင်းနှစ်သင်းကြားမှာ သဘောတူညီမှုရရှိခဲ့ပြီး ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ရပြီးနောက်မှာ မာလာစီယာက ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
မာလာစီယာကို ပြင်သစ်ကလပ်လိုင်ယွန်က အရင်ဆုံးချိတ်ဆက်နေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က လိုင်ယွန်ကိုမရောက်ခင်မှာ ကြားဖြတ်ကမ်းလှမ်းလာခဲ့ပြီး ပြင်သစ်ကလပ်ကကမ်းလှမ်းထားတဲ့ ယူရို ၁၅ သန်းထက် ၃ သန်းအထိ အပိုပေးချေခဲ့တယ်လို့ သိရပါတယ်။ ဖီယင်နုက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို သဘောတူညီခဲ့ပြီး အသင်းနှစ်သင်းကို ကစားသမားက ရွေးချယ်ခဲ့ရပြီး ယူနိုက်တက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ရွေးချယ်မှုအကြောင်းကိုလည်း မာလာစီယာက လိုင်ယွန်ဆီ အကြောင်းကြားခဲ့တယ်လို့ ပြင်သစ်သတင်းဌာန L'Equipe က ဖော်ပြခဲ့ပါတယ်။ လိုင်ယွန်ဘက်က ယူရိုတသန်း ထပ်မံတိုးမြှင့်ကာ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပြီး ကစားသမားက ပရီးမီးယားလိဂ်ကို ပိုမိုသွားချင်တာကြောင့်ဖြစ်တယ်လို့ အေးဂျင့်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်ကတော့ အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်းဆင်းအပြီးမှာပဲ အရေးတကြီးလိုအပ်တဲ့နေရာအတွက် ကစားသမားသစ်ဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။ လုခ်ရှောနဲ့ အဲလက်စ်တဲလက်စ်တို့ရှိနေပေမယ့်လည်း အဆိုပါကစားသမားတွေရဲ့ ခြေစွမ်းက ပြီးခဲ့တဲ့ရာသီမှာ အားရကျေနပ်စရာမရှိခဲ့ဘဲ ခံစစ်ရော၊ တိုက်စစ်မှာပါ ကူညီပေးနိုင်မှုအားနည်းနေခဲ့ပါတယ်။
နည်းပြသစ်နဲ့ပထမဆုံးလေ့ကျင့်ခန်းဆင်းအပြီးမှာပဲ ယူနိုက်တက်က ဘယ်အစွန်နောက်ခံလူတဦးကို ချက်ချင်းဆိုသလို ကမ်းလှမ်းခဲ့တာကလည်း ထူးခြားတဲ့တိုက်ဆိုင်မှုဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာလဲ တဲလက်စ်ကို အရောင်းစာရင်းတင်ထားတယ်လို့ သိရပြီးလုခ်ရှောနဲ့ မာလာစီယာတို့ နေရာလုရဖွယ်ရှိနေပါတယ်။