လီယိုမက်ဆီကတော့ သူ့ရဲ့ ပထမဆုံး မေဂျာလိဂ်ပွဲမှာပဲ ဂိုးရခဲ့ပြန်ပါပြီ။ နယူးယောက်ရက်ဘူးနဲ့ ကစားခဲ့တဲ့ ဒီနေ့မနက်ပိုင်းပွဲမှာ လူစားဝင်လာပြီး အင်တာမိုင်ယာမီတို့ အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးသွားခဲ့တာပါ။ အင်တာမိုင်ယာမီက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဇယားအောက်ပိုင်းကနေ ရုန်းထွက်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှု စတင်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်။
မက်ဆီက ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လိမ်ခေါက်ပြီး ညာခြမ်းက အသင်းဖော်ဆီ ဘောလုံးထိုးပေးခဲ့ရာမှာ အဲဒီအသင်းဖော်က နေရာလွတ်ထဲ ပြေးတက်လာတဲ့ မက်ဆီကို ပြန်ချပေးပြီး မက်ဆီက အနီးကပ်ပိတ်သွင်းသွားခဲ့တာပါ။ ဒါဟာ မက်ဆီအတွက် ပထမဆုံးသော မေဂျာလိဂ်သွင်းဂိုးလည်း ဖြစ်ပါတယ်။
လိဂ်ဖလားနဲ့ ယူအက်စ်အိုးပင်းဖလားတွေမှာပဲ ကစားရသေးတဲ့ မက်ဆီက မေဂျာလိဂ်မှာ လူစားဝင်လာပြီးတော့ ဂိုးရအောင် ယူနိုင်ခဲ့တာပါ။ ဒီပုံအတိုင်းဆို မက်ဆီက မေဂျာလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကိုပါ ပစ်မှတ်ထားနိုင်မှာ သေချာပါတယ်။ ဘယ်အချိန်ပဲ ဝင်ကစားကစား သူ ဂိုးတွေရနေတာပါ။
မက်ဆီက သူ့အသင်းကို ဇယားအောက်ကနေ ပလေးအော့ကစားခွင့်ရမယ့် နေရာကို ပို့ပေးနိုင်ဖို့ အားထုတ်ရမှာပါ။ ဒါက ခက်ခဲမှာဆိုပေမယ့် လက်ရှိမှာ အင်တာမိုင်ယာမီရဲ့ ခြေစွမ်း၊ နိုင်ပွဲဆက်နေမှု၊ မက်ဆီ၊ ဘက်ကွက်စ်၊ အယ်လ်ဘာတို့လို ကစားသမားတွေရဲ့ ခြေစွမ်းကြောင့် မဖြစ်နိုင်စရာတော့ မရှိပါဘူး။ သူတို့ လုပ်နိုင်လိမ့်မယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေပါတယ်။