လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့သမီးလေးဇင်စန္ဒာထွန်းက သူမရဲ့ပထမဆုံးရရှိတဲ့အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့လိုက်တဲ့အကြောင်းကို ပီတိတွေနဲ့ပြောပြလာပါတယ်။
မိဘတွေကိုပြည့်ပြည့်စုံစုံထားချင်တယ်ဆိုတဲ့ ဇင်စန္ဒာထွန်းရဲ့စိတ်ကလေးကို ဂရုဏာသက်ပြီး ကူညီပေးချင်တာကြောင့် သရုပ်ဆောင်ဘေဘီမောင်က သူမရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုအတွက် လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့သမီးလေးကို အနုပညာကြေးပေးပြီး ကြော်ငြာရိုက်ကူးရေးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
"အဲဒီကရတဲ့ပိုက်ဆံနဲ့ဖေကြီးနဲ့မေကြီးကိုကန်တော့လိုက်တယ်။ ပြီးတော့မောင်နှမတွေကို မုန့်လိုက်ကျွေးဖြစ်တယ်။ အဲဒါလေးပါပဲ။ ထွေထွေထူးထူးတော့ အရမ်းမလုပ်ဖြစ်ဘူးပေါ့နော်၊ ကိုယ့်လုပ်အားကရတဲ့ ငွေကြေးလေးနဲ့ မိဘကိုကန်တော့ခွင့်ရတာ အရမ်းပီတိဖြစ်တယ်။ မောင်နှမတွေကိုလည်းမုန့်လိုက်ကျွေးခွင့်ရတာ အရမ်းပီတိဖြစ်တယ်" လို့ အသက် ၁၉ နှစ်အရွယ် ဇင်စန္ဒာထွန်းက ဆိုပါတယ်။
လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့ သမီးလေးဇင်စန္ဒာထွန်းက ငယ်ရွယ်နုပျိုတဲ့ အလှကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရသူလေးပါ။ မိဘအပေါ် အရွယ်နဲ့မလိုက်အောင်လုပ်ကျွေးချင်တဲ့သူမရဲ့စိတ်လေးကြောင့်လည်း ပရိသတ်တွေအချစ်ပိုခံနေရသူလေးပဲ ဖြစ်ပါတယ်။
အခုဆိုရင်တော့ သူမရဲ့ပထမဆုံးကြော်ငြာရိုက်ခွင့်ရတဲ့အနုပညာကြေးနဲ့မိဘတွေကိုကန်တော့ခွင့်ရလို့ပီတိဖြစ်နေခဲ့ပါပြီ။ ပထမဆုံးကြော်ငြာလေးစရိုက်ခဲ့စဥ်က ခံစားချက်တွေကိုလည်းအခုလိုပြောပြလာပါတယ်။
"ပထမဆုံးစရိုက်ရတာမို့လို့ စိတ်လှုပ်ရှားခဲ့တယ်။ မဘေဘီနဲ့ ရိုက်ခဲ့တာမို့လို့လည်း ရှိန်တာတွေလည်းပါတာပေါ့နော်။ ဒါပေမယ့်အကောင်းဆုံးတော့ကြိုးစားရိုက်ခဲ့တယ်။ အဲ့နေ့ကလည်းကိုယ့်ကိုယ်ကိုယ်လှတယ်လို့ခံစားရတယ်။ နောက်ပိုင်းလည်းဇာတ်လမ်းတိုလေးတွေရိုက်ဖို့ရှိပါတယ်။ အားပေးကြပါဦးနော်" ဆိုပြီး ပထမဆုံးရိုက်ကူးရေးအတွေ့အကြုံတွေအကြောင်းကိုပြောပြလာပါတယ်။
လူကြမ်းသရုပ်ဆောင်မင်းမင်းက သူ့ရဲ့သမီးချောလေးကို ၂၀၁၉ခု နှစ်ကုန်လောက်မှာ အင်တာဗျူးတွေကတဆင့်မိတ်ဆက်ပေးထားခဲ့တာပါ။ ဆယ်ကျော်သက်အရွယ် ဇင်စန္ဒာထွန်းရဲ့ ပျိုမျစ်လှပမှုတွေကြောင့်ပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံလာရသူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ဇင်စန္ဒာထွန်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်သွားတော့မှာဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ Tz Fashion & Collection ကိုလည်းလုပ်ကိုင်နေပြီဖြစ်ပါတယ်။