အမေရိကန်အစိုးရဟာ ကာကွယ်ရေးဌာနအတွက် cloud ဝန်ဆောင်မှုပေးမယ့် ဒါ်လာ ၁၀ ဘီလျံစာချုပ်တစ်ခုကို Microsoft နဲ့ချုပ်ဆိုလိုက်တယ်လို့ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဌာနက အတည်ပြုထားတဲ့ သတင်းတွေမှာတော့ ဒီစီမံကိန်းကို ကာကွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းများ အကျိုးတူပူးပေါင်းမှူ JEDI လို့ခေါ်တဲ့ စီမံကိန်းလို့ခေါ်ထားပြီး ပင်တဂွန်စစ်ဌာနချုပ်အတွက် cloud ဝန်ဆောင်မှုသုံး အခြေခံသိုလှောင်ခြင်း ၊ Artificial intelligence Processing လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး လုပ်ဆောင်ချက်တွေ ၊ Machine Learning နည်းပညာနဲ့စစ်ရေးဆိုင်ရာ လုပ်ငန်းများ ပါဝင်မယ်လို့ဆိုပါတယ်။
Photo: TwistArticle
ဆယ်စုနှစ်တစ်ခုကြာမယ့် JEDI စီမံကိန်းအတွက် Microsoft ဟာ Amazon နဲ့အပြိုင် လေလံဆွဲခဲ့ရတာပါ။ သမ္မတထရမ့်အနေနဲ့ဂျက်ဖ်ဘီဇော့စ် ဦးဆောင်တဲ့ Amazon ကို ခွင့်ပြုဖို့မလိုလားကြောင်း ဖော်ပြခဲ့ပြီးနောက် Microsoft ဟာ ဒေါ်လာ ၁၀ ဘီလျံတန် ပရောဂျက်ကို လုပ်ကိုင်ခွင့် ရလာတာ ဖြစ်တယ်လို့Washington Post မှာ ဖော်ပြထားပါတယ်။
Amazon ပိုင် cloud computing စီးပွားရေးတစ်ခု ဖြစ်တဲ့ Amazon Web Services (AWS) ဟာ cloud လောကမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ထိပ်ဆုံးက ရှိနေခဲ့တာပါ။ Gartner ဈေးကွက် သုတေသနလုပ်ငန်းရဲ့ အချက်အလက်တွေအရ AWS ဟာ cloud စီးပွားရေး ဈေးကွက် ရှယ်ယာရဲ့ ၄၈% ရှိပြီး Microsoft ကတော့ ၁၅.၅% နဲ့ဒုတိယအကြီးဆုံး နေရာမှာ ရှိနေတယ်လို့ဆိုပါတယ်။
cloud တွက်ချက်ရေးစာချုပ်ဖြစ်တဲ့ JEDI ဟာ သမိုင်းမှာ စစ်တပ်ရဲ့ အကြီးဆုံး သတင်းအချက်အလက် နည်းပညာဆိုင်ရာ စာချုပ်တစ်ခု ဖြစ်တဲ့အပြင် ဖက်ထရယ်အစိုးရ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာပါ အကြီးဆုံးလို့ဆိုနိုင်ပါတယ်။
JEDI လေလံကိစ္စမှာ Microsoft နဲ့Amazon တို့ကို ပြိုင်ဘက်ကုမ္ဗဏီတွေဆီက စောဒဂတက်အများအပြား တက်နေကြောင်း ပြောကြားခဲ့ပြီး သမ္မတထရမ့်ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ သမ္မတထရမ့်ဟာ Amazon နဲ့အမှုဆောင်အရာရှိချုပ် ဂျက်ဘီဇော့စ်ကို အခွန်အစီအစဉ်နဲ့ပတ်သက်ပြီး ဝေဖန်မှု ရှိခဲ့သူ ဖြစ်ပါတယ်။
Photo: washingtonpost
၁၀ နှစ်ကြာ ဒီစီမံကိန်းစာချုပ်ကို လေလံအောင်ခြင်းဟာ Microsoft အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုလို့ဆိုနိုင်ပေမယ့် ဝန်ထမ်းတွေကတော့ သဘောတူဖို့သိပ်မသေချာပါဘူး။ Google ဝန်ထမ်းထောင်ပေါင်းများစွာဟာ Project Maven လို့ခေါ်တဲ့ ပင်တဂွန်ရဲ့ AI စီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာ Google အနေနဲ့လက်လျှော့ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
Microsoft ဝန်ထမ်းတွေဟာလည်း အမေရိကန်စစ်တပ်အတွက် တိုက်ခိုက်ရေးသုံး AR မျက်မှန် ၁ သိန်းကျော် ထုတ်လုပ်ပေးရမယ့် HoloLens စီမံကိန်းကို ရုပ်သိမ်းပေးဖို့တောင်းဆိုထားပါတယ်။ Microsoft ကတော့ စာချုပ်အတိုင်း အမေရိကန်စစ်သားတွေအတွက် နည်းပညာပြုပြင်ထားတဲ့ HoloLens 2 headset တွေ ထုတ်ပေးထားပါတယ်။