ကလေးဟာ မပျော်ရွှင်တဲ့အတွက် ချစ်တတ်တဲ့စိတ်မရှိတော့ပါဘူး။

ကိုဗစ်ကပ်ဘေးအပြင် လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေဟာ စိန်ခေါ်မှုများစွာကြုံနေရတာဖြစ်ပါတယ်။

Photo: OECD

လက်ရှိ ကြုံနေရတဲ့ ပြည်တွင်း ပဋိပက္ခကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်လို့ UNICEF ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။ UNICEF မှာဖော်ြပထားချက်အရ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ ကလေးငယ် ၄၅၀,၀၀၀ အပါအ၀င် လူတစ်သန်းကျော်ဟာ ပဋိပက္ခတွေကိုရင်ဆိုင်နေကြရတာပါ။ ဒီလိုပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အကျိုးကြောင့် ကလေးတွေရဲ့ စိတ်အခြေအနေ ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ။ ကလေးတွေရဲ့စိတ်ဒဏ်ရာကို ဘယ်လိုသက်သာအောင်ကုစားပေးကြမလဲ။ မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက ဘယ်လောက်ထိ အရေးပါသလဲဆိုတာတွေကို Nway Oo Homeschooling မှ အကြံပြုဆွေးနွေးမျှ‌ဝေထားပါတယ်။

Photo: UNICEF

ပဋိပက္ခတွေကြောင့် မပျော်မရွှင်ကြီးပြင်းနေရတဲ့ကလေးတွေ

လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် ငွေရေးကြေးရေး၊ အလုပ်အကိုင်တွေလည်း ခက်ခဲနေပြီး မိဘတွေလည်း အင်မတန်စိတ်ပင်ပန်းနေတဲ့ကာလတစ်ခုဆိုရင် မမှားပါဘူး။ ကလေးတွေဘက်ကို ကြည့်ပြန်တော့လည်း အရာရာစူးစမ်းလေ့လာချင်တဲ့အရွယ်မှာ ပိတ်လှောင်ခံရတဲ့အခါ စိတ်မွန်းကြပ်မှုကို ဒဏ်ကို ခံနေရတဲ့ အခြေအနေဖြစ်တယ်လို့ Nway Oo Homeschooling ဆိုပါတယ်။ ဒါ့အပြင်မိဘတွေ စိတ်မပျော်ရွှင်တဲ့အခါမှာ ကလေးဆီကို ကူးစက်စေပါတယ်။ အင်မတန်၀မ်းနည်းစရာကောင်းတစ်ခုက အခုခေတ်ကလေးတွေဟာ မပျော်မရွှင် ကြီးပြင်းနေရပါတယ်။ အဲဒီလို မပျော်မရွှင် ကြီးပြင်းနေရတဲ့အတွက် ကလေးမှာ စိတ်ဒဏ်ရာ အကြီးအကျယ်ရသွားပါတယ်။ ကလေးဟာ မပျော်ရွှင်တဲ့အတွက် ချစ်တတ်တဲ့စိတ်မရှိတော့ပါဘူး။ မချစ်တတ်တဲ့အတွက် လောကကောင်းကျိုးကို မရှုမြင်နိုင်ပါဘူး။ ဒါတွေကို ပြုပြင်ပေးဖို့လိုအပ်ပါတယ်။

Photo: Relief

မိဘတွေ ဘာလုပ်ပေးသင့်လဲ

ပထမဆုံးအနေနဲ့ မိဘတွေအနေနဲ့ မိမိကိုယ်တိုင် ကလေးကို ဘာတွေသိအောင်လုပ်ပေးဖို့ လိုအပ်မလဲဆိုတာကို သိထားရမှာပါ။ ကာလဒေသအခြေအနေပေါ်မူတည်ပြီး ကလေးတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မိဘက သိထားသင့်တဲ့အရာတွေကို ကိုယ်တိုင်လေ့လာထားဖို့ လိုအပ်ပါတယ်။

ကလေးတွေ ပျော်ရွှင်စွာကစားနိုင်အောင်ဖန်တီးပေးပါ

ပထမဆုံးအနေနဲ့ ကလေးတွေကို ဆော့ကစားခိုင်းပါ။ ပျော်ရွှင်စွာ ဆော့ကစားတာဟာ ကလေးအတွက် ဥာဏ်ရည်တိုးတက်စေနိုင်ပါတယ်။ 

သင်ကြားရေးအဆတ်မပြတ်ရှိပေးပါ

ဒုတိယအချက်ကတော့ ကလေးအတွက် အဓိက အလုပ်ဖြစ်တဲ့သင်ကြားရေးကို အားစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ အွန်လိုင်းကပဲသင်သင်၊ ငွေမကုန်အောင် မိဘကပဲ သင်သင် ကြိုက်တဲ့ပုံစံနဲ့သင်ယူပါ။ ကလေးတွေရဲ့ သင်ကြားရေး အဆတ်မပြတ်ရှိနေပါစေ။ 

ကလေးတွေ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်ပေးပါ

ကလေးတစ်‌ယောက်ဟာ သူ့အသက်အရွယ်မှာသိသင့်တဲ့ ရှိသင့်တဲ့ Milestones လေးတွေရှိပါတယ်။ ဒီလို Milestones တွေရဖို့မိဘတွေက လုပ်ပေးဖို့ လိုပါတယ်။ စာသင်တာမျိုးမဟုတ်ဘဲ သူ့အသက်အရွယ်မှာ သူသိထားသင့်တဲ့အရာလေးတွေကို မိဘနဲ့ အတူတူ လိုက်လုပ်ရင်း သင်ကြား‌ပေးသင့်ပါတယ်။ ဒီလိုသင်ယူတဲ့အခါမှာ ကလေးမှာ ဖွံဖြိုးမှု ရှိ၊မရှိကို စောင့်ကြည့်ပါ။ ကလေးဖွံဖြိုးတိုးတက်မှု ရှိလာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။

Photo: Dart Center

ကြုံတွေ့ရတဲ့ ပဋိပက္ခတွေအတွင်း ကလေးရဲ့ အာရုံကို လွှဲပြောင်းပေးပါ

ကလေးဟာ ပုံမှန်ပျော်ရွှင်နေတဲ့ဘ၀ကနေ ပဋိပက္ခအခြေအနေတွေကို ကြုံလာရပြီဆိုရင် ကလေးကို အကောင်းဆုံး ပျော်ရွှင်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ စိတ်ပျော်ရွှင်‌အောင် ကတယ်၊ သီချင်းဆိုတယ် စတဲ့နည်းလမ်းလေးတွေနဲ့ လုပ်ပေးပါ။ ဥပမာ- ဗုံးသံ၊ သေနတ်သံကြားတယ်ဆိုတိုင်း ကလေးက ကြောက်ရွံ့လွန်၊ စိတ်ဒဏ်ရာတွေ တအားပြင်းထန်လာတာ မျိုးမဖြစ်ဖို့ အတွက် ကလေးကို ပြောပြထားတာ၊ ဒီဖြစ်စဥ်တွေကို မသိတဲ့ကလေးဆိုရင်လည်း သူ့ရဲ့ စိတ်ကို ပိုပြီးတော့ ကောင်းစေတဲ့အရာမျိုးတွေကို နားလည်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။

ပဋိပက္ခကြောင့် ကလေးမှာရနိုင်တဲ့စိတ်ဒဏ်ရာ

ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့တိုင်းရင်းသားဒေသတွေမှာသာမက အခုချိန်မှာ မြို့ပြတွေမှာပါ ပဋိပက္ခတွေကို ကြုံဆုံနေရတဲ့ အခြေအနေကို ရောက်နေကြရပါတယ်။ စစ်ဖြစ်ပွားရာ ဒေသတွေက ကလေးတွေကို လေ့လာထားတဲ့ သုတေသနတစ်ခုအရ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု ပမာဏဟာ မိဘတွေရဲ့ ကလေးပြုစုပျိုးထောင်ပုံနဲ့ နွေးထွေးမှုအပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ဖော်ပြထားပါတယ်။ 

ကလေးတွေမှာ စိတ်ဒဏ်ရာရရှိခြင်းကြောင့် အကျိုးသက်ရောက်မှုက ချက်ချင်းပေါ်လာတာမဟုတ်ပါဘူး။ တမြေ့မြေ့နဲ့ အမြစ်တွယ်လာပြီးတော့ ဆယ်ကျော်သက်အရွယ်လောက် ရောက်လာတဲ့အခါမှာ ပေါ်လာတတ်ပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကုသဖို့ခက်ခဲတဲ့ ကြောက်စိတ်တွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျမှုတွေအဓိကဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုဖြစ်တတ်တာက ဘာကိုမှဂရုမစိုက်တတ်တော့ဘဲ အသက်ကိုတောင် ဂရုမစိုက်တော့ဘဲ မိုက်ရူးရဲဆန်ဆန်လုပ်တတ်သွားတဲ့ စိတ်ဒဏ်ရာတွေ ရရှိစေနိုင်တာကို အထူးသတိပြုပါ။ ဒါကြောင့်မိဘတွေအနေနဲ့ ကလေးမှာ လက်ရှိကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေအတွင်း ဆိုး၀ါးတဲ့ အခြေအနေကို မရောက်အောင် စိတ်ဒဏ်ရာမရဖို့၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အထူးသတိထားဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

သတင်းဆောင်းပါး အချက်အလက်များသည် Nway Oo Homeschooling မှ အကြံပြုဆွေးနွေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က