သေးငယ်တဲ့ သွေးထွက်ဒဏ်ရာမျိုးတွေအတွက် ဒဏ်ရာရရှိတဲ့နေရာကို သွေးတိတ်အောင် အဝတ်စတစ်ခုခုနဲ့ ဖိထားပြီး သန့်ရှင်းရေးပြုလုပ်ကာ ပိုးသတ်ဆေးတစ်ခုခုအနာကို လိမ်းထားပြီးတော့ ပတ်တီးစည်းပေးထားပါ။

ထိခိုက်ဒဏ်ရာဆိုတာ ဘယ်သူမဆိုဖြစ်နိုင်ပြီး နေရာဒေသမရွေး၊ အချိန်အခါမရွေးဖြစ်တတ်ပါတယ်။

Photo: eSafety Training

ဒဏ်ရာအနေအထား၊ ဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး ကုသမှုပုံစံသာကွာခြားသွားတာပါ။ ယခုလို ပဋိပက္ခကာလမျိုးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့မယ်ဆိုရင်တော့ ကုသဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ ပြုလုပ်ထားဖို့လိုပါတယ်။ သာမန်ထိခိုက်ဒဏ်ရာ ၊ပြင်းထန်ထိခိုက်ဒဏ်ရာအလိုက် ကုသနိုင်ရေးအတွက်ကို ကြိုတင်ပြင်ဆင်ထားပါ။ ကုသေးရေးဆောင်ရွက်တဲ့အခါမှာ သာမန်ထိခိုက်ဒဏ်ရာမျိုးအတွက် ဆေးရုံဆေးခန်းသွားစရာမလိုဘဲ ရှေးဦးသူနာပြုကုသရေးနည်းနဲ့ကုသနိုင်သလို ပြင်းထန်ဒဏ်ရာရရှိလာတဲ့အခါမျိုးမှာဆိုရင်တော့ ဆေးရုံဆေးခန်းအချိန်မီရောက်ရှိအောင် လိုအပ်တဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ကူညီရေးအဖွဲ့တွေနဲ့ ဆေးရုံဆေးခန်းတွေကို ချိတ်ဆက်လို့ရမယ့် ဖုန်းနံပတ်တွေကို ကြိုတင်စုဆောင်းထားဖို့လိုအပ်ပါတယ်။

Photo: Vital First Aid

သိထားသင့်တဲ့ ရှေးဦးသူနာပြုနည်းများ

ပဋိပက္ခကာလအတွင်းသာမက ပုံမှန်အချိန်တွေမျိုးမှာလည်း သာမန်ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိရုံနဲ့ကတော့ ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့သာ ကုသနိုင်ပါတယ်။ ရှေးဦးသူနာပြုနည်းဆိုတာ ဒဏ်ရာအနာတရရရှိခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဝေဒနာကိုသက်သာစေနိုင်သလို အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေးပေါ်အခြေအနေမျိုးမှာဆိုရင်တော့ ထိရောက်တဲ့ကုသမှုနည်းလမ်းလည်းဖြစ်ပါတယ်။ သေးငယ်တဲ့ သွေးထွက်ဒဏ်ရာမျိုးတွေအတွက် ဒဏ်ရာရရှိတဲ့နေရာကို သွေးတိတ်အောင် အဝတ်စတစ်ခုခုနဲ့ ဖိထားပြီး သန့်ရှင်းရေးပြုလုပ်ကာ ပိုးသတ်ဆေးတစ်ခုခုအနာကို လိမ်းထားပြီးတော့ ပတ်တီးစည်းပေးထားပါ။ နာကျင်ကိုက်ခဲမှုဝေဒနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်သုံးပေးနိုင်ပါတယ်။ ဖူးရောင်ထိခိုက်ဒဏ်ရာမျိုးအတွက်ကတော့ ဒဏ်ရရှိတဲ့နေရာကို ရေခဲကပ်ထားပေးပြီး အနာရောင်ရမ်းခြင်းမှကာကွယ်ရန်အတွက် လိမ်းဆေးမျိုးလိမ်းကာ ဒဏ်ရာကိုပတ်တီးစည်းပေးထားပါ။ ဒဏ်ရာရရှိတဲ့နေရာကိုတော့ လှုပ်ရှားမှုမျိုးမပြုလုပ်ပဲ အနားပေးထားဖို့တော့လိုပါတယ်။ အရိုးထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအတွက်ကတော့ အရိုးကျိုးသွားတာမျိုး၊အက်သွားတာမျိုးဆို ဒဏ်ရာကို သစ်သားလိုမျိုး အမာပြားတစ်ခုခုနဲ့ကပ်ပြီး တင်းနေအောင်စည်းပေးထားပါ။ လက်တို့ခြေထောက်တို့မှာထိခိုက်ခဲ့ရင်တော့ ဒဏ်ရာရတဲ့အစိတ်အပိုင်းကို အပေါ်ကိုမြှောက်ထားပေးခြင်းဖြင့် ရှေးဦးသူနာပြုနည်းနဲ့ ဒဏ်ရာနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

Photo: UNICEF

ဆောင်ထားသင့်တဲ့ ဆေးဝါးများ

အဓိက,ကတော့ ကိုယ်ပုံမှန်သောက်နေကြဆေးတွေကို အဆင်သင့်ဆောင်ထားပါ။ ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိတဲ့အခါ ရှေးဦးသူနာပြုနည်းနဲ့ကုသဖို့ အခြေခံလိုအပ်တဲ့ ဆေးဝါးတွေကိုလည်းဆောင်ထားသင့်ပါတယ်။ အသေးစား ပွန်းပဲထိခိုက်ဒဏ်ရာတွေအတွက် ပတ်တီးလိပ်၊ ဂွမ်း၊ အရက်ပျံ ၊ အကိုက်အကဲပျောက်ဆေး၊ ပိုးသတ်ဆေးနဲ့ အနာကျက်လိမ်းဆေးအပါအဝင် တခြားလိုအပ်တဲ့ ဆေးဝါးတွေကို အဆင်သင့်ဝယ်ယူထားပါ။

Photo: UNICEF

အရေးပေါ်အတွက် စီစဉ်ထားသင့်တဲ့အိတ်

ယခုလို အရေးပေါ်အခြေအနေမျိုးမှာ အရေးကြီးလိုအပ်တဲ့အရာတွေကို အဆင်သင့်ထုတ်ပိုးထားပါ။ အခြေအနေအရ မိမိနေအိမ်ကနေ ထွက်ခွါရတော့မယ်ဆိုပါက လွယ်လင့်တကူသယ်ဆောင်သွားနိုင်ပါတယ်။ အရေးပေါ်အတွက် ပြင်ဆင်ထားတဲ့အိတ်ထဲမှာ အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ အဆာပြေစားသုံးနိုင်မယ့် အစားအသောက်တွေနဲ့ လိုအပ်တဲ့ဆေးဝါးတွေအပြင် ကိုယ့်အတွက်လိုအပ်မယ့် တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေကိုထည့်ထားပါ။ ဆေးဝါးတွေအနေနဲ့ကတော့ အိမ်မှာဆောင်ထားတဲ့ဆေးဝါးတွေအတိုင်း အပိုဝယ်ထားပြီး အရေးပေါ်အိတ်ထဲမှာလည်း လိုအပ်တဲ့ဆေးဝါးတွေကို အဆင်သင့်ထည့်ထားသင့်ပါတယ်။

ပဋိပက္ခကာလအတွင်း အရေးပေါ်အခြေအနေမျိုးမှာ ကျန်းမာရေးလိုအပ်ချက်တွေကို မဖြစ်မနေပြင်ဆင်ထားပါ။ ဆေးရုံ၊ဆေးခန်းသွားဖို့ မလွယ်ကူတဲ့ကာလမျိုးမှာ သာမန်ထိခိုက်ဒဏ်ရာရရှိရုံကတော့ ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့သာ ဒဏ်ရာသက်သာအောင် ကုသနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမဆို သာမန်ထိခိုက်ဒဏ်ရာအတွက်ကော၊ ပြင်းထန်ထိခိုက်ဒဏ်ရာအတွက်ပါ ကြိုတင်ပြင်ဆင်မှုတွေတော့ပြုလုပ်ထားသင့်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာမျိုးလောက်သာ ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ကုသနိုင်ပေမယ့် အရေပြားပေါ်တင်မဟုတ် အရိုးထိ ထိခိုက်မိတဲ့ ပြင်းထန်ဒဏ်ရာတွေ သွေးထွက်လွန်တဲ့ ဒဏ်ရာမျိုးတွေဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေကိုသာသွားသင့်ပါတယ်။ ဆေးရုံဆေးခန်းအချိန်မီ ရောက်ရှိနိုင်ဖို့ကိုလည်းလိုအပ်တဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ကူညီရေးအဖွဲ့တွေနဲ့ ဆေးရုံဆေးခန်းတွေကို ချိတ်ဆက်လို့ရမယ့် ဖုန်းနံပါတ်တွေကို ကြိုတင်စုဆောင်းထားဖို့လိုတယ်လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က