သြဂုတ်လ ၁ ရက်နေ့ကစပြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ကုမ္ပဏီသစ်များ မှတ်ပုံတင်ခြင်း ၊ တည်ဆဲ ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပြီလို့သိရပါတယ်။
Photo: DICA Facebook
Myanmar Companies Online (MYCO) ရဲ့ အင်တာနက်လိပ်စာ ဖြစ်တဲ့ www.myco.dica.gov.mm ကနေ ဝင်ရောက်ပြီး မှတ်ပုံတင်ရမှာ ဖြစ်ပြီး ယင်းစာမျက်နှာကနေ အီလက်ထရောနစ် မှတ်ပုံတင်စနစ်အတွက် MyCO ID အကောင့် ဖွင့်ဖို့အချက်အလက်များ ထည့်သွင်းရမှာပါ။လောလောဆယ် ဝင်ကြည့်ရာမှာတော့ ဝက်ဘ်ဆိုက်ဝင်ရောက်သူ များပြားလွန်းခြင်းကြောင့် Not Found ပြနေပါတယ်။
Photo: MyCo website
MyCO ID ရတာနဲ့ဒီအကောင့်နဲ့Login ဝင်ပြီး ကုမ္ပဏီအသစ်အတွက် ကုမ္ပဏီအမျိုးအစားအလိုက် သတ်မှတ်ပုံစံရွေးချယ်ကာ အချက်အလက်များ ဖြည့်ပေးရမှာဖြစ်ပါတယ်။ ပြန်လည်မှတ်ပုံတင်ရမယ့် ကုမ္ပဏီမှာလည်း ကုမ္ပဏီအမည်ကို ရွေးချယ်ပြီး အချက်အလက်များ ထည့်သွင်းပေးရမှာပါ။ ကုမ္ပဏီများ မှတ်ပုံတင်ပြီးတာနဲ့အီးမေလ်းကနေတစ်ဆင့် ပြန်လည် အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားတဲ့ အခကြေးငွေအပြင် အပိုဝန်ဆောင်ခပေးစရာ မလိုဘဲ ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး မှတ်ပုံတင်နိုင်မှာ ဖြစ်ပြီး စာရွက်စာတမ်းများနဲ့ရုံးမှာ လာရောက် တင်ပြပါက သီးခြားဝန်ဆောင်ခအဖြစ် ကျပ် ၁ သိန်း ပေးဆောင်ရမယ်လို့လည်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။