5G အသုံးပြုနိုင်မယ့် ရက်မသိရသေးပါဘူး

ပြည်တွင်းတယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Ooredoo ဟာ မေလ ၁၅ ရက်နေ့က ZTE Corporation နဲ့5G ကွန်ရက်ဖြန့်ကြက်ဖို့အတွက် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ပါတယ်။

         Ooredoo နဲ့ZTE တို့ဟာ ပြည်တွင်းမှာ 5G ကွန်ရက် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။ Ooredoo ဟာ 5G ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင်လုပ်ဆောင်လာတဲ့ တယ်လီကွန်းအော်ပရေတာ တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက 5G ဆက်သွယ်ရေးနည်းပညာစင်တာတစ်ခုကို Nokia နဲ့ပူးပေါင်းပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။



         ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ကာတာနိုင်ငံမှာ 5G ကွန်ရက်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Ooredoo ဟာ ၂၀၁၄ ခုနှစ်ကတည်းက 5G ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာကို စတင် စမ်းသပ်ခဲ့တယ်လို့လည်း သိရပါတယ်။ နည်းပညာပိုင်းအရ Ooredoo အနေနဲ့5G စတင်ဖို့အဆင်သင့်ဖြစ်ပေမယ့် 5G စံနှုန်းနဲ့လှိုင်းနှုန်းစဉ်သတ်မှတ်ခြင်းများမှာ အစိုးရအာဏာပိုင်များနဲ့လက်တွဲလုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

         Ooredoo နဲ့MoU ထိုးခဲ့တဲ့ ZTE ဟာ ဒီတစ်ပတ်ထဲမှာပဲ 5G ဖုန်းတစ်လုံး ဖြစ်တဲ့ ZTE Axon 10 Pro မော်ဒယ်ကို တရုတ်မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီဖုန်းဟာ ယခုနှစ် ဘာစီလိုနာမှာ ကျင်းပတဲ့ MWC 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ ဖုန်းလည်း ဖြစ်ပြီး မကြာခင်မှာ ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်မယ်လို့လည်း သိရပါတယ်။

         ပဉ္စမျိုးဆက် ကွန်ရက်နည်းပညာဖြစ်တဲ့ 5G ဟာ လက်ရှိ 4G ကွန်ရက်စနစ်ထက် အဆပေါင်း ၁၀၀ အထိ ပိုမိုမြန်ဆန်ပြီး လိုင်းဆွဲအား ကြန့်ကြာမှု မရှိသလောက် နည်းပါတာကြောင့် မောင်းသူမဲ့ယာဉ်နည်းပညာ ၊ အဝေးထိန်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ultra HD ရုပ်သံဖိုင်များ Livestreaming ကြည့်ရှုနိုင်မှာ ဖြစ်သလို Gaming နဲ့AR/VR လုပ်ဆောင်ချက်များကိုလည်း အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

         ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့မြန်မာပလာဇာမှာ ကျင်းပခဲ့တဲ့ Huawei Myanmar ICT Congress 2019 မှာတော့ မြန်မာနိုင်ငံအတွင်း 5G ကွန်ရက်အသုံးပြုနိုင်မှုဟာ လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဖြစ်နိုင်ခြေရှိတယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ 3G နဲ့4G Plus ကွန်ရက်များကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင် မိတ်ဆက်ခဲ့တဲ့ Ooredoo ဟာ 5G ကွန်ရက်စမ်းသပ်မှုကို ရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး Commercial အဖြစ် မိတ်ဆက်မယ့်ရက်ကိုတော့ ပြောသွားခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က