မိစန္ဒီဟာ ဂီတအလုပ်တွေ လုပ်နေရင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တော့မယ်လို့ ဆိုပါတယ်။ သူမနဲ့အတူ အကယ်ဒမီဆွေဇင်ထိုက်နဲ့ အေးဝတ်ရည်သောင်းတို့လည်း ပါဝင်လာကြတာကို တွေ့ရပါတယ်။
Photo: Mi Sandi
အဆိုတော် မိစန္ဒီဟာ အနုပညာအလုပ်တွေလုပ်ရင်း ပလပ်စတစ်လျှော့ချရေး အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်လာမယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုလည်း သူမ တတ်နိုင်သလောက် ပါဝင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
‘’မိစန္ဒီ Thant Myanmar အဖွဲ့ရဲ့ ambassador အဖြစ် ပလပ်စတစ်အသုံးပြုမှု လျော့ချရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ အခုလို ကိုယ့်နိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ ပြည်သူ့အကျိုးကို တစ်ထောင့်တနေရာက ပါဝင် စောင့်ရှောက်ခွင့်ရတာ အရမ်းကို ဝမ်းသာ ဂုဏ်ယူမိပါတယ်ရှင်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Mi Sandi
ပလပ်စတစ် အသုံးပြုမှု လျှော့ချရေးအစီအစဉ်မှာ မိစန္ဒီနဲ့ အတူ အကယ်ဒမီ ဆွေဇင်ထိုက်နဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့ကလည်း Ambassador များအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းကတည်းက ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ အတူ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင် များကလည်း ပလပ်စတစ်အသုံးပြုမှု လျှော့ချရေးအစီအစဉ်မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
Photo: Mi Sandi
အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။