မိမိရဲ့ပတ်ဝန်းကျင်မှာ ပြည်ပ ခရီးကပြန်လာပြီး ဖျားနာ၊ ချောင်းဆိုးသူတွေ တွေ့ရှိရင် Hot Line ဖုန်းနံပါတ် 067 3420802 ကိုဆက်သွယ်နိုင်တယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်)မှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လူစုလူဝေးများပြားတဲ့ နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ COVID-19 ရောဂါဖြစ်ပွားသူ (ဒါမှမဟုတ်) ရောဂါလက္ခဏာ မပြသေးပေမယ့် ရောဂါရှိသူတစ်ဦးထံကနေ အခြားသူတစ်ဦးထံကို ရောဂါကူးစက်ပြန့်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေ အတွင်းကူးစက်မှုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
“ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 သံသယလူနာရော၊ စောင့်ကြည့်လူနာရော မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဆက်ဖြစ်နေတယ်။ နောက်ပြီးတော့ လူနာနဲ့ အနီးကပ်ထိတွေ့သူတွေ၊ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားခဲ့တဲ့သူတွေမှာ ကူးစက်လာတာတွေ့ရတယ်။ ကိုယ့်နိုင်ငံမှာ မဖြစ်လာသေးပေမယ့် တစ်ချိန်မှာ အစုလိုက်အပြုံလိုက်မတွေ့လာဘူးလို့ မပြောနိုင်ဘူး။ ပြည်သူတွေအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး သွေးအေးမနေဘဲ ကျန်းမာရေးအသိပညာပေးတာတွေ လိုက်နာနိုင်ဖို့ ထုတ်ပြန်ရတာပါ” လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။
ချောင်းဆိုးနှာချေရင် အုပ်ဆိုးဖို့၊ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့၊ Hand Gel သုံးဖို့ ဖျားနာချောင်းဆိုးနေတဲ့သူတွေနဲ့ တွေ့ရင် (၃) ပေအကွာမှာနေဖို့၊ ကိုယ်ခံအားကောင်းအောင်နိုင်ဖို့ အတွက်လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အခုကာလအတွင်း လူစုလူဝေးများပြားတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံးရှောင်ကြည်ကြဖို့၊ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုသာ ပြုလုပ်ကြဖို့၊ မဖြစ်မနေကျင်းပရမယ်ဆိုပါကလည်း ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်တွေကို စနစ်တကျလိုက်နာဆောင်ရွက်ကြဖို့လည်း သတိပေးထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအတွက် ဓာတ်ခွဲ စမ်းသပ်မှု အခြေအနေအရ လူနာ (၄၀) ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင်ဖေဖော်ဝါရီ ၂၂ ရက်က မွန်ပြည်နယ်၊ ရေးမြို့ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတစ်ဦး ရုတ်တရက် မူးလဲကျသေဆုံးသွားခဲ့တဲ့ဖြစ်စဉ်မှာလည်း COVID-19 ရောဂါကြောင့်မဟုတ်ဘဲ သွေးတိုးရောဂါနဲ့ သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်ရှိ YBS ကားပေါ်မှာ တွေ့ရတဲ့ လူနာမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ မတွေ့ရတာကြောင့် ဝေဘာဂီဆေးရုံမှာ ပြင်ပလူနာ အဖြစ် ဆေးကုသပေးခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Share