In partnership with  logo
လူ့ဂွစာတွေက နေရာတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီလိုလူ့ဂွစာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုဆက်ဆံသင့်သလဲဆိုတာသိရရင် ကိုယ့်အတွက် စိတ်အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။

ပတ်ဝန်းကျင်ကလူတွေကို စိတ်အနှောင့်အယှက် လိုက်ပေးတတ်တဲ့ လူ့ဂွစာတွေက နေရာတိုင်းမှာ လိုလို ရှိတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဘဲ ကိုယ့်သဘောအတိုင်းကိုယ် နေထိုင်ပြုမူပြောဆိုပြီး ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက် လိုက်ပေးတတ်ကြတာပါ။ သူတစ်ယောက်တည်း ဒီလိုပြုမူနေတယ်ဆိုရင် ကိစ္စမရှိပေမယ့် လုပ်ငန်းခွင်လို နေရာမျိုးမှာ ဂွစာလိုက်တိုက်နေတယ်ဆိုရင်တော့ တော်တော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်နေပါပြီ။ ဒီလို နေရာတိုင်းမှာ ရှိနေတတ်တဲ့ လူ့ဂွစာတွေနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်ရဲ့ စိတ်ကို အနှောင့်အယှက်မဖြစ်စေအောင် နေထိုင်တတ်ဖို့လိုပါတယ်။ လူ့ဂွစာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လို ပြုမူဆက်ဆံသင့်သလဲဆိုတာကို အနည်းငယ်လောက် ပြောပြပေးချင်ပါတယ်။

ဘယ်တော့မှ သူတို့နဲ့ မငြင်းခုန်ပါနဲ့



လူ့ဂွစာတွေဟာ အမြဲ သူတို့ရဲ့ အယူအဆတွေက ဘယ်လောက်ပဲ မှားယွင်းနေပါစေ…တရားသေကိုင်စွဲထားတတ်တဲ့သူတွေဖြစ်ပါတယ်။ မှားနေတယ်လို့ သူတို့ဘာသာ သိနေရင်တောင်မှပဲ ဝန်မခံတတ်ဘဲ အပြိုင်ငြင်းဆိုတတ်တဲ့သူတွေပါ။ ဒါ့ကြောင့် သူတို့နဲ့ ငြင်းခုန်ခြင်းဟာ ဘယ်တော့မှ အခြေအနေမှန်ကို ရောက်လာတာမျိုးမရှိဘဲ အချိန်ကုန် လူပန်းသာ ဖြစ်သွားပါလိမ့်မယ်။

အယူအဆတွေ ဖလှယ်မနေပါနဲ့

ဘာမှ ငြင်းခုန်မနေပါနဲ့။ အကျိုးအကြောင်းမခိုင်လုံတဲ့ အရာတွေ သူတို့ပြောလာရင်လည်း (ကိုယ့်အလုပ်၊ ကိုယ့်အကျိုးစီးပွား ) ကို မထိခိုက်စေဘူးဆိုရင် ဘာကိုမှ ပြိုင်ပြောမနေပါနဲ့။ ကိုယ်ပြောလိုက်လို့လည်း ဘယ်တော့မှ အမြင်မှန် ရသွားမယ့်သူတွေ မဟုတ်ဘူးဆိုတာကို သတိချပ်ပါ။ ဟာ..မရဘူး ငါပြောတာ သူလက်ခံမှ ဖြစ်မယ်၊ သူပြောနေတာတွေက မှားနေတယ် ဆိုပြီးလည်း အတင်းငြင်းခုန်မနေပါနဲ့။ လူ့ဂွစာတွေဟာ သာမန်လူတွေထက် ပိုပြီး ဂျစ်သလို အငြင်းအလွန်သန်ပါတယ်။ ငါ သူနဲ့ ဖက်ပြိုင်ပြောဆိုနေလို့ အကျိုးမရှိဘူး ဆိုတဲ့ စိတ်ကိုသာ အမြဲသွင်းထားပါ။

PR ပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ မအေးချမ်းဆုက သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံကို Duwun ကို ခုလိုပြောပြပါတယ်။

"လူ့ဂွစာကို ဆက်ဆံတဲ့ ပုံစံဆိုတာထက် လူတိုင်းကတော့ တစ်နည်းမဟုတ် တစ်နည်း ကိုယ်နဲ့ စိတ်မတူတဲ့သူတွေချည်းပဲ။ တချို့ကျတော့လည်း ပေါင်းဖို့သင်းဖို့ ခက်တဲ့သူတွေရှိတာပဲ။ ကိုယ့်ဘက်က စိတ်ရှည်ရှည်ထားပြီး ဆက်ဆံတယ်။ တချို့ ဆက်ဆံရခက်တဲ့သူတွေကျတော့လည်း ငါ့ကို ဒီလိုလုပ်လိုက်တာပဲ သူ့ကို ဒီလိုလုပ်လိုက်မယ်ဆိုတာတော့ မရှိဘူး။ လူတိုင်းကို ဆက်ဆံသလို ဆက်ဆံလိုက်တာပဲ။ သူ့ဆီက လာတဲ့ Response ကတော့ သူ့အကြောင်းနဲ့သူပဲ၊ သူ့ရဲ့ ဗီဇကို ဖော်ပြနေတာပဲလို့ပဲ လက်ခံတယ်။ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲဆိုတော့ သူက လူတိုင်းကို ဒီလို ဆက်ဆံတာပဲ ဆိုပြီး ပြောင်းလဲသွားကြတယ်လို့တော့ အစ်မခံစားရတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံအရတော့ ကိုယ့်ဘက်က အရှိအတိုင်း လူတွေကို ဟန်မလုပ်ဘဲ ပေါင်းသင်းဆက်ဆံတာက တခြားသူတွေ ကိုယ့်ကို Communicate လုပ်ဖို့အတွက် အကောင်းဆုံးနဲ့ အရိုးဆုံးလို့ပဲ ထင်တယ်။"

ကြင်နာပေးလိုက်ပါ

တကယ်တော့ သူတို့ လူ့ဂွစာဖြစ်နေတာက အဆင်မပြေတဲ့ အကြောင်းတရားတစ်ခုခု သူတို့ဘဝမှာ ရှိနေလို့ပါ။ မှားမှန်းသိနေရင်တောင်မှ လက်မခံဘဲ ဖက်ပြိုင်ငြင်းနေတတ်တဲ့ သူတို့ဟာ ဘဝမှာ တစ်ခုခု လွဲချော်နေတာပဲ ဖြစ်ပါတယ်။ ကြင်နာပေးလိုက်ပါ ဆိုတာက စကားအဖြစ်ပြောတာမျိုးပါ။ မဖြစ်နိုင်တဲ့ ကိစ္စတွေ လာပြောနေတဲ့အခါ ၊ ယုတ္တိမရှိတာတွေ လာပြောနေတဲ့အခါ အဆင်ပြေရဲ့လား ၊ အကူအညီလိုနေလား လို့ပဲ မေးလိုက်ပါ။ ကြင်နာသည်ဖြစ်စေ ၊ မကြင်နာဘဲနဲ့ဖြစ်စေ ဒီမေးခွန်းက လူ့ဂွစာတွေကို အိုးတိုးအမ်းတမ်းဖြစ်သွားစေမယ့် ၊ အရှိုက်ထိစေမယ့် စကားလုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်းသာ ပြုမူဆက်ဆံပေးလိုက်တာ အကောင်းဆုံးပါပဲ။

အပြုသဘောဆောင်တဲ့ စကားတွေပြောပေးပါ

တချို့လူ့ဂွစာတွေက အပြုသဘောဆောင်တဲ့ စကားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းလို့ ရပါတယ်။ အငြင်းပွားစရာကိစ္စတွေကို ဘေးဖယ်ထားပြီး အပြုသဘောဆောင်တဲ့ စကားဝိုင်းမျိုးဖြစ်အောင် သိမ်းသွင်းကြည့်ပါ။ တစ်ခါတလေမှာ ကိစ္စတစ်ခုလောက် အဆင်မပြေရုံနဲ့ လူ့ဂွစာလို့ သတ်မှတ်လိုက်လို့ မရပါဘူး။ တစ်ကြိမ်ထက်ပိုတဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးမှ ပေါင်းသင်းကြည့်ပြီးမှ လူ့ဂွစာလို့ သတ်မှတ်ပါ။ ပြောခဲ့သလိုပါပဲ။ တချို့ လူ့ဂွစာတွေက အဆင်ပြေအောင် ပေါင်းသင်းလို့ရပါတယ်။ ဥပမာ - ပေါ့ပေါ့ပါးပါး စကားပြောဆိုကြည့်ပါ၊ အမြင်မတူတာတွေကို အတင်းလုပ်ယူပြီး အငြင်းပွားမနေပါနဲ့။ ဒီလိုလူတွေနဲ့ စကားပြောလို့ ညှိနှိုင်းမှုတွေ ရရှိနိုင်မယ်လို့လည်း ဘယ်သောအခါမှ မတွေးပါနဲ့။

သူတို့ရဲ့ အဆိုးမြင်ဝါဒီတွေအပေါ် အာရုံစိုက်မနေပါနဲ့

လူ့ဂွစာတွေဆီမှာ ရတတ်တာတွေက များသောအားဖြင့် အဆိုးမြင်ဝါဒီတွေပါပဲ။ ဒီအဆိုးမြင်ဝါဒီတွေကို ကိုယ်က လိုက်ခံစားပြီး ဒေါသတွေ ထွက်နေမယ်ဆိုရင်လည်း ကိုယ့်အတွက်ပဲ ထိခိုက်ပါတယ်။ ကိုယ်က စိတ်အနှောင့်အယှက်တွေဖြစ်ပြီး ဒေါသထွက်လေ သူတို့က ပိုပျော်လေပါပဲ။ ဒီတော့ သူတို့ပြောတာတွေကို အင်း…ဟုတ်တယ်၊ အဆင်ပြေတယ်၊ ဟုတ်တာပေါ့ ဆိုတဲ့ တုံ့ပြန်စကားကလွဲပြီး ဘာမှ ဆက်ပြောမနေပါနဲ့။ အဲဒီလို သူတို့ပြောသမျှ မခံစားဘဲ ထောက်ခံနေတာက သူတို့အတွက် အဆင်မပြေစေဘဲ ခိုးလိုးခုလု ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီလိုမေးတဲ့အခါမှာလည်း ကိုယ့်ရဲ့ စကားနဲ့ မျက်နှာဟန်ပန်ဟာ ငေါ့နေတဲ့ပုံစံဖြစ်မနေဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူ့ဂွစာတွေနဲ့ ဘယ်လိုကြောင့်နဲ့မှ ရန်မဖြစ်စေချင်လို့ပါပဲ။

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားရဲ့ ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ မဂျနီဖာစုကလည်း လူ့ဂွစာတွေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့လာရင် ဘယ်လိုဖြေရှင်းလေ့ရှိသလဲဆိုတာကို Duwun ကို ပြောပြပါတယ်။

"လူ့ဂွစာတွေကို ဆက်ဆံတဲ့ ပုံစံ သပ်သပ်ကြီးရယ်လို့တော့ မရှိဘူး။ တစ်ခါတလေမှာ လုပ်ငန်းခွင်မှာ ဆက်ဆံရခက်တဲ့လူတွေနဲ့ တွေ့ဖူးတယ်။ အဓိကက ကိုယ်ဘာလိုချင်လဲဆိုတာ သူ့ကို ပြတ်ပြတ်သားသားပြောပြဖို့ပဲ လိုတယ်။ အဲဒါမှ လုပ်ငန်းခွင်မှာ ပိုပြီး အဆင်ပြေချောမွေ့ဖို့ပဲ လိုတယ်။ သူ့‌ကြောင့် လုပ်ငန်းခွင်မှာ အခက်အခဲတွေ၊ အနှောင့်အယှက်တွေကြုံခဲ့ရင်လည်း ပြဿနာကို အရင်ဆုံးဖြေရှင်းသင့်တယ်။ ပြဿနာဖြေရှင်းပြီးမှ အေးဆေးဖြစ်ပြီးမှ ဒီလူ့ဂွစာနဲ့ ပတ်သက်တဲ့အကြောင်းအရာကို ဖြေရှင်းသင့်တယ်။"

တစ်ယောက်ထက်ပိုတဲ့တွေ့ဆုံမှုမျိုးရှိပါစေ

လူ့ဂွစာတွေနဲ့ မဖြစ်မနေ ပြောဆိုဆက်ဆံစရာရှိတဲ့အခါမျိုးတွေမှာ နှစ်ယောက်တည်းတွေ့ဆုံစကားပြောတာမျိုး ရှောင်ပါ။ သူတို့ရဲ့ ကန့်လန့်တိုက်တဲ့ စကားတွေက ပြောဆိုဆွေးနွေးတဲ့ တကယ့်အကြောင်းအရာတွေဆီ မရောက်နိုင်တော့ဘဲ စိတ်အနှောင့်အယှက်တွေသာ ရလာပါလိမ့်မယ်။ ဒီတော့ စကားပြောစရာရှိရင် အနည်းဆုံး သုံးယောက်လောက်အတူ စကားပြောဆိုဆွေးနွေးတာမျိုးလုပ်စေချင်ပါတယ်။ ဒါမှသာ ကိုယ့်ဘက်ကလည်း တခြားသူတွေရှိနေတဲ့အတွက် သူ့ရဲ့ ကန့်လန့်တိုက်စကားတွေဆီ အာရုံမရောက်တော့ဘဲ လူအများနဲ့ အပြူသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးတာမျိုးရရှိနိုင်မှာဖြစ်ပါတယ်။

 Novotel Yangon Max မှာ Marketing & Communication Manager အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မမေပုလဲအောင် ကလည်း လူ့ဂွစာတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ ဘယ်လိုပြုမူဆက်ဆံသလဲဆိုတာကို Duwun ကို ခုလိုပြောပါတယ်။

"လူ့ဂွစာတွေကို တွေ့ဖူးပါတယ်။ သူတို့ပြောတာကိုပဲ လုပ်ရမယ်၊ ကိုယ်အကြံပေးရင်လည်း လက်မခံဘူး၊ တစ်ဖက်ပိတ်ပဲ စဥ်းစားတဲ့သူမျိုးတွေ တွေ့ဖူးပါတယ်။ အဲဒါတွေ တွေ့ရင် အတတ်နိုင်ဆုံးညှိနှိုင်းပြီးတော့ပဲ ဆက်ဆံရတာပေါ့။ အပြုံးလေးနဲ့ပဲ ဆက်ဆံတာ ပိုကောင်းတယ်၊ အပြုံးက အရာရာတိုင်းကို ကျော်ဖြတ်နိုင်တယ်လို့ ထင်တယ်။ ပြီးတော့ လူ့ဂွစာဆိုရင်လည်း သူ့ကို ပြုံးပြီးပြောနေရင် ကိုယ့်ကို နည်းနည်းပါးပါးတော့ ညှာညှာတာတာ ဆက်ဆံမယ်လို့ ထင်တာပဲ။ သူ ဂွတိုက်တိုင်း ကိုယ်က လိုက်ဂွတိုက်မယ်ဆိုရင်လည်း ဘယ်အရာကမှ လုပ်ငန်းကို ပြီးမြောက်မှာမဟုတ်တော့ဘူးလေ။ ဆိုတော့ တတ်နိုင်သလောက် ကိုယ့်ဘက်က အပြုံးနဲ့ ဆက်ဆံ ၊ သူပြောတာလည်း နားထောင် ကိုယ် အကြံဥာဏ်ပေးသင့်တာလည်း ပေး အပြုံး‌လေးနဲ့ပဲ ကိုယ့်ဘက်က ဆက်ဆံတာ အကောင်းဆုံးပဲလို့ထင်ပါတယ်။"

ယဉ်ကျေးမှုရှိပါ

တစ်ဖက်လူက ဘယ်လိုပဲ လူ့ကန့်လန့် ၊ လူ့ဂွစာဖြစ်နေတဲ့သူ ဖြစ်ပါစေ၊ ကိုယ့်ရဲ့ အပြောအဆို ၊ အပြုအမူ တွေကတော့ ကိုယ်နဲ့သာသက်ဆိုင်ပါတယ်။ တစ်ဖက်လူက အဆိုးမြင်နေတိုင်း ကိုယ်က လိုက်အဆိုးမြင်နေမယ်ဆိုရင် ကိုယ်ကလည်း လူ့ဂွစာပဲ ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ အပြုအမူ ၊ ကိုယ့်ရဲ့ အပြောအဆိုပေါ်မှာ တာဝန်ယူမှုရှိပါ။ သူရိုင်းစိုင်းတိုင်း ကိုယ်မရိုင်းစိုင်းပါနဲ့။ လူ့ဂွစာနဲ့ ဖက်ပြိုင်ပြီး ကိုယ်ပါလိုက်ကန့်လန့်တိုက်တဲ့အခါ အဲဒါက ကိုယ့်ဝသီလို ဖြစ်လာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်တောင် လူ့ဂွစာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင် သူတို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် လူ့ဂွစာစာရင်းမသွင်းလိုက်ပါနဲ့။

သူတို့ကို တတ်နိုင်သမျှ ရှောင်ပါ

အပေါ်က အကြံပြုထားတာတွေ တစ်ခုမှ လုပ်လို့ အဆင်မပြေနိုင်အောင် ၊ အပြုသဘောဆောင်တဲ့ ပေါင်းသင်းဆက်ဆံရေးမျိုး ပြုလုပ်လို့မရတော့ဘူးဆိုရင်တော့ ဒီလူတွေနဲ့ မတွေ့တော့တာ ၊ ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အာရုံနောက်စေတဲ့အတွက် ဝေးဝေးကရှောင်နေတာ ပိုကောင်းပါတယ်။ အဲဒီအစား အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ တွေ့ပြီး ကိုယ့်ရဲ့ အချိန်တွေကို ပျော်ရွှင်တန်ဖိုးရှိအောင် နေထိုင်လိုက်ပါ။

သတိပြုရမှာတစ်ချက်ကတော့ လူတွေကို အပေါ်ယံကြည့်လိုက်ပြီး အဝေဖန်မစောဖို့တော့လိုပါတယ်။ တကယ်ပဲ လူ့ဂွစာဆိုသည့်တိုင်အောင် အေးဆေးပြောဆိုဆွေးနွေးလို့ရနိုင်မလား အရင်ကြိုးစားကြည့်ပါ။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်တိုက်စကားတွေနဲ့သာ စိတ်အနှောင့်အယှက်ပေးနေတတ်တဲ့ သူတွေဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ကို သူတပါးကြောင့် အညစ်နွမ်းမခံပါနဲ့လို့ပဲ တိုက်တွန်းပါရစေ။

Share

Loading Next Article...
က္က