ဒီပွဲကတော့ PUBG MOBILE Esports သက်တမ်း တစ်လျှောက်မှာ အကြီးမားဆုံး ပြိုင်ဆိုင်မှု၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ PUBG MOBILE Esports ပြိုင်ပွဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်အသင်း (၅၀) က နိုဝင်ဘာလ ၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စုပေါင်းဆုကြေးငွေ ဒေါ်လာ ၃ သန်းပါ။ စုပေါင်းဆုကြေးငွေထဲကနေ မိမိတို့ရရှိမယ့် ဝေစုအတွက် ပြိုင်ဆိုင်ကြရမှာဖြစ်ပြီး အနိုင်ရရှိမယ့်အသင်းက PUBG MOBILE World Champion အနေနဲ့ အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။
“PUBG MOBILE Global Championship ဟာ ပြိုင်ပွဲဝင်အားလုံးရဲ့ အခမ်းနားဆုံးစင်မြင့်မှာ သူတို့နဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် အကောင်းဆုံးတွေထဲက အကောင်းဆုံး အခွင့်အရေးတစ်ခုပါ။ ဒီနှစ်က PUBG MOBILE Esports အတွက် စံချိန်ချိုးတဲ့ လုပ်ဆောင်ချက်တွေ၊ စနစ်အသစ်တွေနဲ့ ပရိသတ်တွေရဲ့ မထင်မှတ်ထားတဲ့ အားပေးမှုတွေနဲ့အတူ အရမ်းကို ပျော်ရွှင်ဖွယ်ရာနှစ်တစ်နှစ်ပါ။ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက ရေကုန်ရေခမ်း အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ်ဆိုတာကို ယုံကြည်ပါတယ်” ဟု PUBG MOBILE Global Esports ၏ အမှုဆောင် ဒါရိုက်တာ James Yang မှ ပြောကြားခဲ့ပါတယ်။
ပြိုင်ပွဲဝင်အဖွဲ့ (၅၀) ထဲမှာ မြန်မာနိုင်ငံက Genesis Esports အဖွဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီလို ပြိုင်ဆိုင်ခွင့်ရခဲ့တာက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ Genesis Esports အဖွဲ့ဟာဆိုရင်တော့ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းပြီး SMILE, WESTCARRY, ICHI , ZAI ,MERNATT စတဲ့အဖွဲ့ဝင်ငါးဦးနဲ့ TRUST ME နည်းပြ (၁) ဦးအပါအဝင် စုစုပေါင်း (၆) ဦး ပါရှိပါတယ်။ တစ်ဦးချင်းစီ မတူညီတဲ့ အားသာချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရည်အချင်းပြည့်ဝတဲ့ Esports အဖွဲ့တစ်ဖွဲ့ ပါ။ စတင်ဖွဲ့စည်းတဲ့ သက်တမ်း ၂ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းအားကစားအဖွဲ့တွေနဲ့သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ PUBG MOBILE World Champion ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Esports အဖွဲ့ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
Genesis Esports ဟာဆိုရင်တော့ PUBG Mobile Pro League - SEA Wildcard Fall 2023, PUBG Mobile Pro League - SEA Wildcard Spring 2023, PUBG Mobile National Championship Myanmar 2023, The Regional - Road To IASI 2023, PUBG Mobile National Championship Myanmar 2022, GG Fest အစရှိတဲ့ ချန်ပီယံဆုတံဆိပ်ပေါင်းများစွာရရှိထားတဲ့မြန်မာနိုင်ငံ ဂုဏ်ယူဖွယ်ရာ အသင်း တစ်သင်းဖြစ်ပါတယ်။ Genesis Esports အနေနဲ့ ဗိုလ်လုပွဲတက်ရောက်ရေးကို ပထမဦးစားပေး ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဗိုလ်လုပွဲ တက်ရောက်ခွင့် ရရှိပါက PUBG MOBILE World Champion ကို ပိုင်ဆိုင်နိုင်ရန် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သိရပါတယ်။