ပုဂံ ညောင်ဦးမြို့နယ် အတွင်းမှာ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး ဆိုင်ကယ်နောက်တွင် အမျိုးသားများကို ထိုင်စီးခွင့်မပြုတော့ကြောင်း ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ် ။



ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးစီးခွင့်မပြုတဲ့အပြင် အမျိုးသမီးတစ်ဦးမောင်းနှင်တဲ့ဆိုင်ကယ်နောက်မှာလည်း အမျိုးသားတစ်ဦးလိုက်ပါစီးနင်းခွင့်မပြုဘူးလို့သိရပါတယ်။ ဒါပေမယ့် အမျိုးသမီးနှစ်ဦးတော့ စီးနင်းနိုင်ပြီး အမျိုးသားတစ်ဦးရဲ့ နောက်မှာလည်း အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

အခုလို ဆိုင်ကယ်စီးနင်းခွင့်နဲ့ပတ်သက်ပြီးကန့်သတ်လိူက်မှုဟာ ပုဂံကို လာရောက်လည်ပတ်မယ့်ခရီးသွားဧည့်သည်တွေအတွက် အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - ကိုဆော (ပုဂံ)

" တချို့ခရီးသွားတွေကျ ဆိုင်ကယ်တစ်စီးကို ကောင်လေးနှစ်ယောက်စီးကြတာရှိတယ်။ နောက် တစ်နေရာရာကိုသွားချင်တဲ့အခါ ကယ်ရီငှါးစီးတာလည်းရှိမယ်။ အခုသူတို့လုပ်လိုက်တာက ခရီးသွားတွေအတွက် အဆင်မပြေဘူး။ မပြေတော့ ဘာဖြစ်မလဲ ခုမှခရီးသွားပြန်ဝင်နေတဲ့ပုဂံမှာ ခရီးသွားပြန်ရပ်သွားနိုင်တယ်။ နောက်ပြီးဒေသခံတွေအတွက်လည်း သွားရေးလာရေးခက်ခဲသွားလိမ့်မယ် " လို့ ပုဂံ e bike အငှါးဝန်ဆောင်မှုလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ဆိုင်ကယ်စီးခွင့်အပေါ်ကန့်သတ်မှုဟာ ခရီးသွားတွေအပြင်ဒေသခံတွေရဲ့ ကျန်းမာရေး ကိစ္စ၊အရေးပေါ် ၂ ယောက်စီးနင်းဖို့လိုအပ်တဲ့ကိစ္စတွေ ၊ဆိုင်ကယ်ကယ်ရီသမားတွေအတွက်လည်း ခက်ခဲတဲ့အခြေအနေဖြစ်သွားနိုင်တယ်လို့သိရပါတယ်။

" ကျနော့်အဖေဆို ဆိုင်ကယ်မစီးတတ်ဘူး၊ဒါမျိုးဆို အခက်အခဲပဲလေ၊ ကိုယ့်အိမ်မှ ာလိုက်ပို့မယ့်သူလည်းရှိတယ်။ ဆိုင်ကယ်လည်းရှိရဲ့နဲ့ သူတိူ့သတ်မှတ်တဲ့စည်းကမ်းကြောင့် တုပ်တုပ်ငှါးရမယ့်ပုံဖြစ်သွားတယ်။ ကယ်ရီသမားတွေဆိုလည်း မိနိးကလေးပဲရွေးတင်ရတော့မယ်၊ ဘက်ပေါင်းစုံကအဆင်မပြေတဲ့ထုတ်ပြန်ချက်ကြီးပါ " လို့ပုဂံ ဒေသခံတစ်ဦးက ပြောပါတယ် ။

 ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ ဆိုင်ကယ်စီးခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်မှုကို ဒီနေ့ကစပြီး ရက်ပေါင်း (၆၀)အတွင်း အတည်ဖြစ်ကြောင်းပြောဆိုထားပြီး အကယ်၍ လိုက်နာခြင်းမရှိတာကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ဒီနေ့ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က