ပုဂံရှေးဟောင်းဒေသရှိ ဘုရားငါးဆူ ဖောက်ထွင်းခံခဲ့ရပြီးတဲ့နောက် လုံခြုံရေးတိုးမြှင့်ချထားလိုက်ပြီး လူသွားလူလာနည်းတဲ့ ဘုရားတွေကိုလည်း လိုက်လံစစ်ဆေးနေပြီလို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးထံကနေ သိရပါတယ်။
မနေ့ (ဇွန်လ ၈ ရက်)က ပုဂံမြို့ဟောင်း တောင်ဘီကျေးရွာအုပ်စု ရွာဟောင်းကြီးမြောက်ဘက်ရှိ ဘုရားစုတွေထဲက ဘုရားငါးဆူ ဌာပနာ ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ကျုးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
Photo- Bagan Tourist Guide Association
“ကျုးလွန်သွားတဲ့သူကို မဖမ်းမိလိုက်ဘူး။ သိတဲ့အချိန်မှာ ထွက်ပြေးသွားတယ်။ သူတို့ ဖောက်ပြီး ပစ္စည်းလက်ကျန်တွေတော့ ရှိခဲ့တယ်။ လက်ရှိ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်။ တခြားဘုရားတွေလည်း ဒီလိုဖြစ်လာမှာဆိုးလို့ လိုက်စစ်ခိုင်းထားတယ်။ လူသွားလူလာနည်းပြီး လူအရောက်အပေါက်နည်းတဲ့ ဘုရားတွေကို အဓိက လိုက်စစ်နေတာပေါ့။ “ လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက Duwun ကိုပြောပါတယ်။
ဖောက်ထွင်းခံရတဲ့ဘုရားတွေဟာ ၁၉၉၇ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တုန်းက အလှူရှင်တွေက ပြန်လည်ပြုပြင်ထားတဲ့ဘုရားတွေဖြစ်ပြီး ဖောက်ထွင်းခံရမှုမှာ ရှေးဟောင်းပစ္စည်းတွေတော့ မပါရှိဘူးလို့လည်းသိရပါတယ်။
“ပါသွားတဲ့ပစ္စည်းတန်ဖိုးတွေကိုတော့ တွက်ခိုင်းထားတုန်းပါပဲ။ သိန်းဂဏန်းဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဌာပနာဖောက်ပြီး ကျကျန်ခဲ့တဲ့ ပစ္စည်းတွေက ရွှေထည်၊ငွေထည်နဲ့ စေတီအသေးလေးတွေ ကျန်ပါတယ်” လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ဖောက်ထွင်းခံရတဲ့ စေတီအနီးတဝိုက်ကို လိုက်လံစစ်ဆေးရာမှာတော့ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရတဲ့ ဆေးထိုးပိုက်ပစ္စည်းအချို့ကို တွေ့ရှိရပြီး သက်သေခံအထောက်အထားနဲ့တကွ ညောင်ဦးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့လည်းသိရပါတယ်။
လက်ရှိပုဂံဒေသကို မန္တလေးတိုင်းဒေသကြီးမှာနေထိုင်သူတွေပဲ လာရောက်လည်ပတ်ခွင့်ရမှာဖြစ်ပြီး အခြားဒေသက လာသူတွေ၊ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားသားတွေနဲ့ ဆက်စပ်သူတွေ လာရောက်မယ်ဆိုရင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်မှာဖြစ်တယ်လို့လည်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဒေသခွဲ) ကနေ သိရပါတယ်။