စည်းကမ်းမလိုက်နာခဲ့ရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာပါ။

 ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသနဲ့ ကျိုက်ထီးရိုးဘုရားတစ်ဝိုက်ကို ဆေးလိပ်ကင်းစင်ရေးနယ်မြေ ဖြစ်လာအောင် ဆောင်ရွက်မယ်လို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းကနေ သိရပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် ဘုရား၊ စေတီပုထိုးတွေ လည်ပတ်ဖူးမျှော်ခွင့် ပိတ်ထားတာကြောင့် ဆေးလိပ်ကင်းစင်ရေးအကြိုလှုပ်ရှားမှုအနေနဲ့ ပုဂံဘုရားပုရဝုဏ် နယ်မြေအတွင်းကစားသောက်ဆိုင်တွေကို ဆေးလိပ်ရှောင်ရှားဖို့ စည်းရုံးလှုံ့ဆော်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်ကပြောပါတယ်။



 “ ပုဂံကဘုရားတွေ ပြန်ဖွင့်တာနဲ့ ဆောင်ရွက်သွားဖို့ရှိတယ်။ ဒါကို ဆောင်ရွက်သွားဖို့လည်း စီစဉ်ထားပြီးသားပါ။ ပုဂံပြီးတာနဲ့ ကျိုက်ထီးရိုးဘုရားကို ဆက်ပြီးလုပ်ဆောင်သွားမယ်။ ”လို့ ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောပါတယ်။

ဓာတ်ပုံ-ကိုဗစ်ကာလ ပုဂံဒေသကို တွေ့ရစဉ်။

ဆေးလိပ်ကင်းစင်ရေးနယ်မြေအဖြစ် ဆောင်ရွက်တဲ့အခါ အများပြည်သူနဲ့ နိုင်ငံခြားသားတွေ အဝင်၊အထွက် အများဆုံးနေရာတွေကို အဓိက ရွေးချယ်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နယ်မြေတွေကို ဆေးလိပ်သောက်သုံးခွင့်မရှိတဲ့နေရာအဖြစ် သတ်မှတ်ပြီးရင်တော့ စည်းကမ်းမလိုက်နာခဲ့ရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဌာနခွဲမှုး ဒေါက်တာအိအိဇော်ကပြောပါတယ်။

"ဆေးလိပ်သောက်သုံးခွင့်မရှိတဲ့နယ်မြေမှာ သတ်မှတ် စည်းကမ်းချက်တွေကို မလိုက်နာရင် နေပြည်တော်စည်ပင်သာယာရေး ဥပဒေအရ ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရအရေးယူသွားမှာဖြစ်တယ်"လို့ ဆိုပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံတွင်း အထင်ကရ ဘုရားတွေဖြစ်တဲ့  မန္တလေး မဟာမြတ်မုနိဘုရားကြီး၊ ကျောက်တော်ကြီး၊ ပင်းတယ လှိုင်ဂူ၊ အင်းလေးဖောင်တော်ဦး ဘုရား ရှမ်းပြည်နယ်နောင်ချိုမြို့နဲ့ နေပြည်တော်က နေရာအချို့ မှာ ဆေးလိပ် ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က