ပုဂံ နံရံဆေးရေးပန်းချီတွေနဲ့ သဲကျောက်ဘုရားတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့စီမံကိန်းကို ဂျာမနီယဉ်ကျေးမှု ထိန်းသိမ်းရေးအစီအစဉ်နဲ့ အကောင်အထည်ဖော်ထားတယ်လို့ ဂျာမနီသံရုံးကနေ ထုတ်ပြန်ထားပါတယ်။
Photo - Bagan View
နံရံဆေးရေးပန်းချီတွေကို မူလပုစံမပျက် ထိန်းသိမ်းမှုအတွက် ဂျာမနီနိုင်ငံကစီမံကိန်းအရ ရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့ နရသီဟပတေ့ဘုရားမှာ ၁၂၄၈ ခုနှစ်က ရေးဆွဲခဲ့တဲ့ နံရံဆေးရေးပန်းချီတွေ ထိန်းသိမ်းတာနဲ့ ပြုပြင်မွမ်းမံတာတွေကိုလုပ်ဆောင်မယ်လို့ ထုတ်ပြန်တာဖြစ်ပြီးတော့ အနုပညာလက်ရာတွေကို အန္တရာယ်ဖြစ်စေတဲ့ပြုပြင်ထိန်းသိမ်းမှုအတွက် အသုုးပြုတဲ့ ပစ္စည်းတွေကိုလည်း သင့်တော်တဲ့ပစ္စည်းတွေနဲ့ အစားထိုးမယ်လို့ ပြောဆိုထားပါတယ်။
ဘုရားမှာရှိတဲ့ နံရံဆေးပန်းချီတွေရဲ့ အနုပညာဖန်တီးမှုတွေက ၁၃ ရာစုကနေ အခြားဘုရား ၃၀၀ က လက်ရာတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ အတွက်ကြောင့် ဒီစီမံကိန်းကို ကနဦးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအနေနဲ့ သတ်မှတ်နိုငိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒုတိယအဆင့်အနေနဲ့ နန်းဘုရားရဲ့ သဲကျောက်တွေကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဂျာမနီနိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းဒုတိယအဖြစ်ရွေးချယ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပုဂံဒေသမှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာဂျာမနီက ယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၃ ဦးကို ပုဂံကို စေလွှတ်ခဲ့ပြီးတော့ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတွေအတွက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သာသနာရေးဝန်ကြီးဌာနန့ ဂျာမနီနိုင်ငံခြားရေးရုံးရဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေးအစီအစဉ်တို့ပူးပေါင်းပြီးတော့ နံရံဆေးရေးပန်းချီနဲ့ သဲကျောက်ဘုရားတွေကို ထိန်းသိမ်းတဲ့အစီအစဉ်ကို ပူးပေါင်းအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပုဂံကို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စေတီအဆူပေါင်း ၃၉၈ ဆူပျက်စီးခဲ့တာဖြစ်ပြီးတော့ ဂျာမနီနိုင်ငံကပုဂံက အနုပညာလက်ရာတွေနဲ့ ယဉ်ကျေးမှုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။