ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားစုံတွဲတည်းခိုခဲ့တဲ့ ဟိုတယ်ကို လိုက်လံစုံစမ်းပြီး ကျူးလွန်ခဲ့တဲ့သူတွေကို ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ပုဂံဘုရားအမှတ်(၁၅၅၄)မှာ ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားစုံတွဲတည်းခိုခဲ့တဲ့ ဟိုတယ်ကို လိုက်လံစုံစမ်းနေတယ်လို့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲမှ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဂံယဉ်ကျေးမှုနယ်မြေ ပရဝုဏ်အတွင်းမှာ ညစ်ညစ်း video ရိုက်သွားတဲ့ စုံတွဲဟာ မည်သူမည်ဝါဆိုတာသိရမှ အရေးယူဆောင်ရွက်လို့ရမှာဖြစ်လို့ ဟိုတယ်တွေမှာ စုံစမ်းမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က Duwun ကိုပြောပါတယ်။
“ ဒီနေ့ကစပြီး ပုဂံမှာရှိတဲ့ ဟိုတယ်တွေကို နိုင်ငံခြားသားအဝင်အထွက်စာရင်းတွေ စစ်ဆေးနေပြီ။ အခုက Video ပျံ့လာလို့သာသိရတယ်ဆိုပေမယ့် ကျူးလွန်တဲ့သူတွေက မည်သူမည်ဝါ၊ ဘယ်နိုင်ငံကလဲတောင်မသိရသေးဘူး။ သူတို့ဘယ်သူဆိုတာသိရမှ ဥပဒေကြောင်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အရေးယူဆောင်ရွက်သွားဖို့လုပ်ရမှာ ဖြစ်တယ်” လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။
အခုလိုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ တိုင်းအစိုးရကလည်း ညွှန်ကြားချက်ထုတ်ထားပြီး အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ပြောထားတယ်လို့လည်းသိရပါတယ်။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဂံရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့အစည်းအဝေးတစ်ခုလုပ်တယ်။ ကျွန်တော်တို့သိသလောက်ဆိုရင် ဒီစုံတွဲက နေရာတော်တော်များများမှာ အခုလိုတွေရိုက်ပြီး ဝက်ဆိုက်ဒ်မှာ တင်နေတဲ့သူတွေလည်းဖြစ်တယ်။ ဘယ်တုန်းကလာပြီးအခုလိုရိုက်သွားလဲဆိုတာက အတိအကျမသိရသေးဘူး။ ကျူးလွန်ခဲ့တဲ့သူတွေကို သိရရင်တော့ ဥပဒေအတိုင်းထိထိရောက်ရောက်ဆောင်ရွက်မှာပါ” လို့ ညောင်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်စိန်က Duwun ကိုပြောပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ ဘုရားပေါင်း(၃၀၀၀)ကျော်ရှိပြီး နာမည်ကြီး တန်ခိုးကြီးဘုရားတွေမှာဆိုရင် ဂေါပကအဖွဲ့တွေ၊ လုံခြုံရေးတွေရှိပေမယ့် အခုလို လူသွားလူသာနည်းတဲ့ ဘုရားနယ်မြေတွေမှာတော့ လုံခြုံရေးအင်အားတွေတော့ မရှိဘူးလို့ ဦးမြင့်စိန်ကပြောပါတယ်။
ဒါကြောင့် အခုလိုအဖြစ်မျိုးနောက်ထပ် ထပ်မဖြစ်အောင် ရှေးဟောင်းသုတေသနမှာလည်း တာဝန်ရှိပြီး ပြည်သူလူထုအနေနဲ့ကလည်း သတင်းရရှိတယ်ဆိုရင် ချက်ချင်းသတင်းပို့သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က အကြံပြုပြောဆိုခဲ့ပါတယ်။
အဆိုပါ နိုင်ငံခြားသားစုံတွဲရိုက်ကူးခဲ့တဲ့ ညစ်ညမ်း video ဟာဆိုရင် ယခုရက်ပိုင်း online မှာ ပျံ့နှံ့နေပြီး လူမှုကွန်ရက်သုံးစွဲနေသူတွေကြားမှာလည်း ဝေဖန်ပြောဆိုမှုတွေမြင့်တက်နေခဲ့ပါတယ်။
Share