ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားတည်းခိုခဲ့တဲ့ ဟိုတယ်ကို လိုက်လံစုံစမ်းပြီး ကျူးလွန်ခဲ့တဲ့သူတွေကို ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ ပြောထားပေမယ့် လက်ရှိမှာတော့ သူတို့တည်းခဲ့တဲ့ ဟိုတယ်ကို သိရဖို့အတွက် သူတို့ရဲ့ နာမည်တွေကို အရင်စုံစမ်းနေရတယ်လို့ ပုဂံယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူးဦးအောင်ကျော်ကျော်က Duwun ကိုပြောပါတယ်။
ပုဂံဘုရားအမှတ် (၁၅၅၄)မှာ ညစ်ညမ်းဗီဒီယို ရိုက်ကူးခဲ့တဲ့ နိုင်ငံခြားစုံတွဲကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၉၇ နဲ့အမှုဖွင့်ထားပြီး အရင်ဆုံးနာမည်တွေကိုသိအောင် စခန်းတာဝန်ရှိသူတွေကလည်းစုံစမ်းလျှက်ရှိတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့က သူတို့နာမည်ကိုအရင်သိဖို့လိုတယ်။ အခုက သူတို့ဗီဒီယိုကနေ ရုပ်ပဲမြင်ရတာလေ။သူတို့ပုံကိုသိရုံနဲ့ ဟိုတယ်တွေမှာ စုံစမ်းလို့မရဘူးဖြစ်နေတယ်။ ဟိုတယ်တွေမှာက နာမည်နဲ့ ပတ်စပို့စ် တွေပဲပေးရတာဆိုတော့ သူတို့ဘယ်သူလဲဆိုတာသိဖို့ခက်ခဲတယ်။ အဆင့်ဆင့်စုံစမ်းရမှာပေါ့၊ အမှုဖွင့်ထားပြီဆိုတော့ စခန်းကလည်းစုံစမ်းနေပါတယ်”လို့ ဦးအောင်ကျော်ကျော်ကပြောပါတယ်။
အဆိုပါ နိုင်ငံခြားသားစုံတွဲဟာ ဘုရားမှာ ရိုက်ကူးခဲ့တဲ့ ညစ်ညမ်းဗီဒီယိုကို ညစ်ညမ်းဝက်ဆိုက်ဒ်မှာ ဒီဇင်ဘာလလောက်ကတင်ခဲ့တာဆိုပေမယ့် ဘယ်အချိန်က ပုဂံကိုလာပြီး ရိုက်ကူးသွားလဲဆိုတာမသိရတာကြောင့် စုံစမ်းရတာ အခက်အခဲတွေရှိတယ်လို့ ဦးအောင်ကျော်ကျော်ကပြောပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘုရားပေါင်း(၃၀၀၀)ကျော်ရှိပြီး နာမည်ကြီးတန်ခိုးကြီးဘုရားတွေမှာတော့ ဂေါပကအဖွဲ့တွေ၊ လုံခြုံရေးတွေရှိပေမယ့် အဆိုပါ နိုင်ငံခြားသားစုံတွဲဟာ လူသွားလူလာနည်းတဲ့ ဘုရားနယ်မြေအတွင်းမှာ အခုလို ညစ်ညမ်းဗီဒီယိုကိုရိုက်ကူးသွားတာလည်းဖြစ်််တယ်လို့လည်းသိရပါတယ်။