ပိုလန်နိုင်ငံမှာ အနက် ၁၄၇ ပေကျော်ရှိတဲ့ ရေကူးကန်တစ်ကန်ကို ၂၀၁၉ ခုနှစ် ဆောင်ဦးရာသီအတွင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး ကမ္ဘာ့အနက်ဆုံး ရေကူးကန်ဖြစ်လာမယ်လို့ ဆိုပါတယ်။
(Photo: DeepSpot/Facebook)
DeepSpot လို့ အမည်ပေးထားတဲ့ အဆိုပါ ရေကူးကန်မှာ ရေပမာဏ ၈,၀၀၀ ကုဗမီတာ ထည့်သွင်းထားမှာဖြစ်ပြီး ထိုပမာဏဟာ ၈၂ ပေနက်တဲ့ ပုံမှန်ရေကူးကန်တစ်ကန်မှာထက် ၂၇ ဆပိုများကြောင်း ရေကူးကန်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပိုလန်နိုင်ငံမြို့တော် ဝါဆောမြို့ အနောက်တောင်ဘက် ၂၅ မိုင်နီးပါအကွာရှိ Msxczonow မြို့မှာ DeepSpot ရေကူးကန်ကို တည်ဆောက်နေကြောင်း သိရပါတယ်။
(Photo: DeepSpot/Facebook)
ရေကူးကန်တည်ဆောက်ပြီးပါက ပရောဖက်ရှင်နယ် ရေငုပ်သမားများ၊ ရေကူးအားကစားသမားများနဲ့ ရေကူးသင်သူများ အပါအဝင် ရေကူးလိုသူအားလုံးအတွက် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါ ရေကူးကန်မှာ ရေမကူးလိုသူတွေအတွက် အစားအသောက် ဝန်ဆောင်မှုလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်ကြည့်ရှုလိုသူတွေအတွက် ရေကူးကန်ထဲမှာ ရေအောက်ဥမင်တစ်ခုလည်း တည်ဆောက်ထားပါတယ်။
(Photo: DeepSpot/Facebook)
ထို့အတူ ရေကူးကန်အတွင်းပိုင်း မြင်ကွင်းတွေနဲ့အတူ အစည်းအဝေးခန်း၊ လေ့ကျင့်ရေးခန်းနဲ့ ဟိုတယ်အခန်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။ DeepSpot ရေကူးကန်ကို FlySpot ကုမ္ပဏီက တည်ဆောက်နေတာဖြစ်ပါတယ်။ သို့သော် DeepSpot ရေကူးကန်ဟာ ကမ္ဘာ့အနက်ဆုံး ရေကူးကန်အဖြစ် ဗြိတိန်မှ ရေကူးကန် မဖွင့်လှစ်မီ ခြောက်လဝန်းကျင်သာ စံချိန်တင်နိုင်မယ်လို့လည်း ဆိုပါတယ်။
(Photo: DeepSpot/Facebook)
ဗြိတိန်နိုင်ငံမှာလည်း Blue Abyss လို့ အမည်ပေးထားတဲ့ ၁၆၄ ပေနက်တဲ့ ရေကူးကန်တစ်ကန်ကို တည်ဆောက်နေပြီး စတင်ဖွင့်လှစ်နိုင်ချိန်မှာ DeepSpot ကို ကျော်လွန်ပြီး ကမ္ဘာ့အနက်ဆုံး ရေကူးကန်ဖြစ်လာမယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့အနက်ဆုံး ရေကူးကန်မှာ အီတလီနိုင်ငံရှိ ၁၃၇ ပေကျော်နက်တဲ့ Y-40 Deep Joy ရေကူးကန်ဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။