မြင့်မြတ်ကတော့ ခိုင်မာတဲ့အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတယ်လို့ဆိုပါတယ်။ ချစ်သူသက်တမ်း ၅ နှစ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကြောင့် အခုချိန်မှာ အိမ်ထောင်ကွဲမယ့် အနေအထားမျိုးတွေ ရှိလာမှ မဟုတ်ပါဘူးတဲ့။
Photo: Myint Myat
မြင့်မြတ်ကတော့ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပါတယ်။ အနုပညာအလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်တာကလည်း သူ့ဇနီးက အရမ်းနားလည်ပေးတဲ့သူမို့လို့ပါလို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ အိမ်ထောင်ရေးအပေါ် နားလည်မှုဆိုတာကလည်း တစ်ယောက်တည်းက နားလည်ပေးလို့မရဘူး။နှစ်ဦး နှစ်ဖက် နားလည်မှုရှိမှ အဆင်ပြေတာ။ ကျွန်တော့် မိန်းမက အများကြီးနားလည်မှုရှိတဲ့အထဲမှာ ပါပါတယ်။ အဓိက ကတော့ အလုပ်နဲ့ ပတ်သက်တဲ့ အပိုင်းတွေပေါ့နော်။ ကျွန်တော့် အပေါ်မှာလည်း နားလည်မှု အပြည့်ပေးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Myint Myat
အခုချိန်မှာ မြင့်မြတ်က အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းဆောင်နေရသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေလည်း မလစ်ဟင်းအောင် ကြိုးစားနေရသလို မိသားစုကိုလည်း စိတ်ချမ်းသာအောင် ထားတယ်လို့ ‘’အောက်ဆီဂျင်’’ရုပ်ရှင်ကားကြီး ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။
‘’အဓိက ကတော့ ကိုယ့် အိမ်ထောင်ဦးစီးတာဝန်လည်း ကျေပွန်ဖို့လိုတာပေါ့နော်။ ဒီတာဝန်နဲ့လည်း မပြီးသေးဘူး။ ဒီမိသားစုကိုလည်း စိတ်ချမ်းသာအောင် ထားရမယ်။ ဒါကြောင့်လည်း ကျွန်တော် အတတ်နိုင်ဆုံး မိသားစုကို စိတ်ချမ်းသာအောင်ထားတယ်။ ဒါကတော့ ကျွန်တော့် ခံယူချက်ပါ’’ လို့ ဆိုပါတယ်။
Photo: Myint Myat
မြင့်မြတ်ကတော့ ပရိသတ်တိုင်းအားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အိမ်ထောင်ကွဲရလောက်တဲ့ ပြဿနာမျိုးလည်း ရှိလာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
‘’ ကျွန်တော်တို့ လင်မယားနှစ်ယောက်က သမီးရည်းစားဘဝမှာတင် အချိန်တော်တော်ကြာတယ်။ ၅ နှစ်လောက်ရှိတယ်။ အဲဒီလောက်မှ အိမ်ထောင်ပြုကြတာပေါ့နော်။ ချစ်သူသက်တမ်း ၅ နှစ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်တွေ တော်တော်များများကိုလည်း အကုန်လုံး သိနေပြီပေါ့နော်။ ဒါကြောင့် အိမ်ထောင်ကွဲရလောက်အောင် ထွေထွေထူးထူးပြဿနာမျိုး မရှိတော့ဘူးလို့ ကျွန်တော် ယုံကြည်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Myint Myat
မြင့်မြတ်ကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။
မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Share