ရှေ့သွား နောက်လိုက် လိုက်ဖတ် ညီလွန်းပြီး ပရိသတ်တွေရဲ့ နှလုံးသားမှာ အခုထက်ထိ နေရာယူ လွှမ်းမိုးထားတဲ့ လူရွှင်တော်တွေကို ပြပါဆိုရင် လူရွှင်တော် မိုးဒီနဲ့ မော့စ်ကို လက်ညှိုးထိုးပြရမှာပါ။
ဆယ်စုနှစ်များစွာ လက်တွဲဖော်ကောင်းဖြစ်ခဲ့တဲ့ လူရွှင်တော် မော့စ်ကို ဆုံးရှုံး လိုက်ရခြင်းက မိုးဒီအတွက် များစွာ စိတ်မကောင်း ဖြစ်ခဲ့သလို တွဲဖတ်ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက်လက်မောင်းတစ်ဖက် ပြုတ်သလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဇာတ်သဘင်စင်မြင့်ထက်ပေါ်မှာ ပါသာမက ကင်မရာရှေ့မှာ အတူတူတွဲကာ သရုပ်ဆောင်ခဲ့ရာကနေ အခုဆိုရင် လူရွှင်တော်မေ့ာစ် မရှိတော့သည်မှာ (၁၀)နှစ်တိတိပြည့်ခဲ့ပြီ ဆိုပြီး သူငယ်ချင်းဖြစ်သူ မော့စ်အကြောင်းကို သတိတရ ပြောပြလာခဲ့သူမှာတော့ လူရွှင်တော် မိုးဒီ ဖြစ်ပါတယ်၊
“ကိုမော့စ်က မမေ့ကောင်းတဲ့ လူတစ်ယောက်ပါ ။ လူသေသော်လည်း နာမည် မသေတဲ့ လူတစ်ယောက်ပါ။ နောက် ကျွန်တော့ထက် သူက ပိုပြီး ကြိုးစားတယ် တော်တယ်၊ ကျွန်တော့် နောက်မှ လူရွှင်တော် ဖြစ်ပေမယ့် ကျွန်တော်ကိုတော် ကျော်သွားတာ၊ သူက မင်းသားလို ကတတ်တယ် ကျွန်တော် မကတတ်ဘူး။ မင်းသားအကသွားသင်တယ် ကျွမ်းဘားသင်တယ်။ ဝိတ်မတယ်။ ကိုယ်လုံးအလှအပအတွက်လည်း အမြဲတမ်း ကစားတယ် သီချင်းဆို လေ့ကျင့်တယ် ။ အဆို၊အက၊အားကစား အကုန်ကျွမ်းကျင်တယ်။ အခုချိန်ထိ အလုပ်တွေ လုပ်နေရပြီဆိုရင် ကိုမော့စ်ကို သတိရမိတာပဲ။ သူလို ဘယ်သူမှ အပေးအယူမတည့်ဘူး၊ ကိုမော့စ်ကို ကျွန်တော့်အထာ သိတာဆိုလို့ ကျွန်တော့်သား တစ်ယောက်ပဲ ရှိတယ်။ကျွန်တော်တို့ နှစ်ယောက်က နတ်ဖတ်ပေးတဲ့ လူရွှင်တော်လို့ ပြောရမှာပါ။သူမရှိတော့တာလည်း ကျွန်တော့်အတွက် ပုခုံးတစ်ဖက် ပြုတ်သလိုပါပဲ” လို့ မိုးဒီက ပြောပါတယ်။
လူရွှင်တော် မိုးဒီနဲ့ မော့စ်ဟာ အနုပညာလောကထဲမှာ အောက်ခြေဘဝက စတင်ကာ အနုပညာဝမ်းဆာ ဖြည့်ခဲ့ရသူများဖြစ်ပြီး သူတို့နှစ်ဦးဟာ ဇာတ်သဘင်လောကမှာသာမက ရုပ်ရှင်လောကမှာလည်း နာမည်ကြီးအောင်မြင်ကျော်ကြားတဲ့ လူရွှင်တော် သရုပ်ဆောင်များဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဇာတ်သဘင်လောကကနေ သရုပ်ဆောင်လောကထဲသို့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပြောင်းရွေ့ခဲ့ပြီး “မင်္ဂလာဦးည” အမည်ရှိ ဟာသတစ်ခန်းရပ် နဲ့ နာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ လူရွှင်တော် မော့စ်ဟာ ၂၀၁ ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်မြို့ SSC ဆေးရုံတွင် ကွယ်လွန်ခဲ့တာ ဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက်(၅၉)နှစ်ရှိပြီ ဖြစ်ပါတယ်။
မိုးဒီကတော့ လတ်တလောမှာ တော့ ကျန်းမာရေး ကောင်းမွန်လျှက်ရှိပြီး ကမ်းလှမ်းထားတဲ့ ကြော်ငြာတချို့ကို လက်ခံရိုက်ကူးပေးနေကာ အွန်လိုင်းပေါ်က နေ Live လွှင့် စျေးရောင်းခြင်းကိုလည်း ကမ်းလှမ်းမှုတွေ ရှိလာရင် ရှိသလို လုပ်ပေးဖြစ်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင်မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ်တွေကနေတစ်ဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက်မှာ တော့ ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပြီး တီဗီကြော်ငြာတွေ လည်း အများကြီး ရိုက်ကူးခဲ့ရသူတစ်ယောက်ပါ။
လူရွှင်တော်၊ သရုပ်ဆောင် မိုးဒီဟာဆိုရင် မြို့တော်မောင်ယဥ်အောင်ရဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်သော “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားတွင် ရန်အောင်၊ ကျော်ရဲအောင်၊ နန္ဒာလှိုင်၊ မေကဗျာ၊ မေသဥ္ဇာဦးတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာ ၂၀၀၇ခုနှစ်တွင် အကောင်းဆုံးအမျိုးသား ဇာတ်ပို့သရုပ်ဆောင်ထူးချွန်ဆု (အကယ်ဒမီ)ကိုရရှိခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်တွင်ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် မြဝတီအငြိမ့်ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကောင်းဆုံးလူရွှင်တော်ဆုကိုလည်းရရှိခဲ့တဲ့ လူရွှင်တော်၊ သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။
အနုပညာသက်တမ်း အနှစ် ၄၀ ကျော်ရှိပြီး သူ့ရဲ အနုပညာ မျိုးဆက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံကလည်း ပရိသတ်အားပေးမှု တွေ ရရှိထားတဲ့ ဟာသပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။