လက်ရှိအချိန်မှာကတော့ အနာဂတ်ကိုပဲတွေးတွေး၊ ပစ္စုပ္ပန်ကို ငေးငေး ပူလောင်စရာတွေချည်းပါပဲ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာကိုတောင် မှန်းစလို့မရတဲ့အခြေအနေမျိုးမှာ စိတ်အေးချမ်းမှုကို ဘယ်လိုရှာဖွေကြမလဲ။ ဒီအချက်လေးတွေကို သိထားရင် ပူလောင်မှုတွေကြားမှာ စိတ်အေးချမ်းမှုကိုရှာဖွေရာမှာ အကူအညီရပါလိမ့်မယ်။


နေ့စဉ်ဘဝကြီးကနေခနလောက် log out လုပ်

Photo: Inc Magazine

Facebook သုံးနေရင်း စိတ်ဆိုး၊ဒေါသထွက်စရာတွေ၊ စိတ်ညစ်ညူးစရာတွေပဲတွေ့နေရတဲ့အခါ အကောင့် Deactivate လုပ်ပြီး social media ပေါ်ကနေအနားယူသလိုမျိုးပဲ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတာတွေက စိတ်ပူပန်စရာ၊ စိတ်ဓါတ်ကျစရာတွေပဲများနေတဲ့အခါ တစ်ရက်လောက်ကိုယ့်ရဲ့နေစဉ်ဘဝလည်ပတ်ပုံကနေ အနားယူလိုက်လို့ရပါတယ်။ နေ့စဉ်လုပ်နေကျအလုပ်တွေဘာမှမလုပ်တော့ဘဲ လူရှင်းတဲ့ ပန်းခြံထဲက ခုန်တန်းလျားလေးတစ်ခုခုမှာ၊ ဒါမှမဟုတ် ကော်ဖီဆိုင်လေးရဲ့ထောင့်တစ်နေရာမှာ ထိုင်ရင်း စိတ်ကိုလွတ်လပ်ခွင့် ပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေနဲ့သွားတွေ့ပြီး စကားလက်ဆုံကျလိုက်ပါ။ စိတ်ပူပင်နေတာတွေသက်သာသွားပါလိမ့်မယ်။


ကိုယ့်လက်ထဲမှာရှိတဲ့ ကံကြမ္မာကို အာရုံစိုက်

Photo: Elite Daily

ကိုယ့်ဘဝမှာကိုယ်သာအရှင်သခင်လို့ ပြောတတ်ကြပေမဲ့ ဘဝမှာကြုံတွေ့လာရသမျှအားလုံးကို ကိုယ့်စိတ်တိုင်း ကျ ဖြစ်အောင်လုပ်ယူလို့မရနိုင်ဘူးဆိုတာလက်ခံရပါမယ်။ ဥပမာ- နိုင်ငံရေး၊ ရာသီဥတု၊ တခြားသူတွေရဲ့ ကိုယ့်အပေါ်အပြုအမူ စတာတွေပါ။ ဒါကြောင့် ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို အာရုံစိုက်ပြီး စိတ်ပင်ပန်းခံမယ့် အစား ကိုယ်ထိန်းချုပ်နိုင်တဲ့၊ လုပ်ယူလို့ရတဲ့ကိစ္စတွေကို အာရုံပိုစိုက်ပေးဖို့လိုပါတယ်။ ဥပမာ အလုပ်ထဲမှာ ကိုယ့်အပေါ်အထက်လူကြီးတွေကဘယ်လိုမြင်နေသလဲလို့ တွေးပြီးစိတ်ပူနေမယ့်အစား၊ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးလုပ်နိုင်ဖို့ပဲ အာရုံစိုက်တာမျိုးပေါ့။


ကျန်းမာရေးဂရုစိုက်

Photo: The Independent

ရုပ်နဲ့ စိတ်ဟာတစ်ခုနဲ့တစ်ခု အပြန်အလှန်မှီခိုနေရတာပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းရင် စိတ်ကကြည်လင်အေးချမ်းမှာမဟုတ်သလို စိတ်ဖိစီးမှုတွေများပြီး ပူပန်မှုတွေများနေရင်လည်း ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းနေအောင် အစားအသောက်၊အနေအထိုင် ဂရုစိုက်တာ၊ လေ့ကျင့်ခန်းတစ်မျိုးမျိုးပုံမှန်လုပ်တာမျိုးလေးတွေလည်း လုပ်ပေးဖို့လိုပါတယ်။


အိပ်ရေး ဝအောင်အိပ်

Photo: ShareCare

တစ်ခါတစ်လေမှာ စိတ်တွေလေးလံနေတာ၊ ထိုင်းမှိုင်းနေတာက စိတ်ပူပန်စရာတွေများလို့မဟုတ်ဘဲ အိပ်ရေးမဝလို့ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝအောင်အိပ်ဖို့ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

Ref: eWellness Magazine

Share

က္က