ယူနိုက်တက်နဲ့မန်စီးတီးအခြေအနေကို လာပေါ့တ်က ပြောပြခဲ့တာပါ။

မန်စီးတီးနောက်ခံလူ လာပေါ့တ်က မြို့ခံပြိုင်ဘက် ယူနိုက်တက်ဟာ ဘာအောင်မြင်မှုမှမရလို့ မန်စီးတီးရဲ့ ဆုဖလားအောင်မြင်မှုတွေအတွက် မနာလိုရှုဆိမ့်ဖြစ်နေမယ်လို့ ပြောကြားလိုက်ပါတယ်။ ဖာဂူဆန် အနားယူသွားတဲ့ (၂၀၁၃) နောက်ပိုင်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး (၅) နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရပြီး မန်စီးတီးကတော့ (၄) နှစ်အတွင်း ဆုဖလား (၁၁) လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပါပြီ။



ချန်ပီယံလိဂ်မှာလည်း မန်စီးတီးက ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေချိန်မှာ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ကနေ ပူပူနွေးနွေးထွက်ထားရပါတယ်။ ဒီရာသီအတွက် ဆုဖလားမျှော်လင့်ချက်မရှိတော့သလို လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တောင် အခြားအသင်း ခြေချော်တာ စောင့်ရမယ့်ဘဝကို ရောက်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက် ပူလောင်တဲ့အချိန်ကာလကို ဖြတ်သန်းနေရချိန်မှာ လာပေါ့တ်ကလည်း ယူနိုက်တက်နဲ့ ပတ်သက်လို့ အခုလိုပဲ ထိုးနှက်လာခဲ့ပြန်ပါတယ်။ လာပေါ့တ်က “ယူနိုက်တက်က ပရိသတ်များပြီး ကျနော်တို့နဲ့ တမြို့တည်းမှာသာရှိနေတာ။ နောက်ဆုံးကျ ကျနော်တို့ပဲ ဖလားရတာပဲ”

“ယူနိုက်တက်ပရိသတ်တွေ ဒါကို နားလည်ရခက်နေမယ့်ပုံပါပဲ။ သူတို့လည်း ပိုက်ဆံသုံးနေတာပဲလေ။ လူတွေက မန်စီးတီးကျရှုံးတာကို စောင့်နေတာ ခင်ဗျားတို့လည်း သိမှာပါ။ နောက်ပြီး ကျနော်တို့ ဖလားယူတာကိုမြင်ရတာ ပင်ပန်းလာတာမျိုး ဒါမှမဟုတ် ကျနော်တို့ ဆုဖလားတွေရယူနေတာက ပုံမှန်ကိစ္စမဟုတ်သလိုမျိုး သူတို့ စဥ်းစားနေပါလိမ့်မယ်”

“ကျနော် ထင်တာ မမှားဘူးဆိုရင် ကျနော်တို့ နောက်ဆုံး (၄) နှစ်အတွင်း ဆုဖလား (၁၁) လုံး ယူခဲ့ပြီးပါပြီ။ ဒါက ဘာဖလားမှမရတဲ့ ယူနိုက်တက်တို့လို အိမ်နီးချင်းတွေအတွက် စိတ်တိုစရာဖြစ်ပါလိမ့်မယ်။ ကျနော်တို့လည်း လူသားတွေပါ။ ယူနိုက်တက်ကို ၄-၁ ဂိုးနဲ့နိုင်ပြီး ပဲလေ့စ်နဲ့ ဂိုးမရှိသရေပြန်ကျပါတယ်”

“ဒါကို ခင်ဗျားတို့က ပိုက်ဆံနဲ့ဖြေရှင်းနေလို့မရပါဘူး။ ကစားသမားအတွက် ပိုက်ဆံ ဘယ်လောက်ပေးရတယ်ဆိုတာက သူ့ကို အကောင်းဆုံးဖြစ်လာမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ အခုလည်း ကျနော်တို့က အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ခံစစ်ကလည်း အကောင်းဆုံးပါ။ ဒါပေမယ့် လူတွေက ကျနော်တို့ နောက်တန်းမှာ ပြဿနာရှိနေတယ်လုပ်နေတုန်းပဲ။ အဲ့ဒီလိုဆိုရင် ကျနော်တို့ရဲ့ အိမ်နီးချင်းအသင်း (ယူနိုက်တက်) အတွက် စိတ်ကူးတောင် မယဥ်ရဲစရာပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က