In partnership with  logo
အနုပညာစိတ်နဲ့ကြည့်ရင်းမြတ်နိုးစရာတွေကြီးပါပဲ။

စွန့်ပစ်ပုလင်းခွံတွေကနေပြောင်းလဲဖန်တီးတဲ့ Bottle Art နေ့စဥ်ဘ၀မှာပြန်သုံးလို့ရမယ့်ပစ္စည်းတွေအဖြစ် သူ့စိတ်ကူးနဲ့ပေါင်းစပ်ဖန်တီးနေသူပဲဖြစ်ပါတယ်။

လောကကိုအလှမြင်သူ

အနုပညာစိတ်နဲ့ကြည့်ရင် မြတ်နိုးစရာတွေကြီးပါ ပဲလို့ဆိုလာသူကတော့ DIY Art တွေဖန်တီးနေတဲ့ ကိုရဲသူထက်ဖြစ်ပါတယ်။စွန့်ပစ်ရမယ့်ပစ္စည်းတွေကိုနေ့စဥ်ဘ၀မှာပြန်သုံးလို့ရမယ့်ပစ္စည်းတွေအဖြစ် သူ့စိတ်ကူးနဲ့ပေါင်းစပ်ဖန်တီးနေသူပါ။သူရဲ့ဖန်တီးမှုတွေထဲမှာအနုပညာအငွေ့အသက်တွေပါ၀င်တာတွေ့ရသလို လက်တွေ့ပြန်အသုံးပြုလို့ရတဲ့ ဖန်တီးမှုတွေ ကိုလည်းတွေ့နိုင်ပါတယ်။ဒီထဲကတစ်ခုကတော့ စွန့်ပစ်ပုလင်းခွံတွေကနေပြောင်းလဲဖန်တီးတဲ့ Bottle Art ပဲဖြစ်ပါတယ်။

Bottle Art အစ

အရက်ပုလင်းခွံတွေကိုခွက်အဖြစ်ပြောင်းလဲ ဖန်တီးဖို့စိတ်ကူးနဲ့အရင်စခဲ့တာလို့ကိုရဲသူထက်က ပြောပါတယ်။ဒီပုလင်းခွံတွေကအသုံးမဝင်တော့ဘဲ အမှိုက်အဖြစ်ပတ်ဝန်းကျင်ညစ်ညမ်းစေတာမျိုး တွေကိုလျော့ချနိုင်ဖို့ရည်ရွယ်တယ်လို့သူကဆိုပါတယ်။

“ကျွန်တော်ကအရင်က ဘားဖွင့်ခဲ့တော့ ပုလင်းခွံ တွေကအများကြီးပဲ။ဒီပုလင်းခွံတွေက ဒီတိုင်းထား ရင်လည်းအမှိုက်ဖြစ်မယ်ဈေးကြီးတဲ့အရက်ပုလင်းခွံတွေဆိုလည်း အရက်အတုတွေပြန်ဖြစ်နိုင်တယ်။ အဲ့ဒါနဲ့ပဲ ဒီပုလင်းတွေကိုအလကားမဖြစ်ဘဲ ပြန်သုံးလို့ရတာမျိုးလေးတွေလုပ်မယ်ဆိုပြီး စလုပ်ခဲ့တာပါ” လို့ကိုရဲသူထက်ကပြောပြပါတယ်။

You Tube ကနေလေ့လာ

ပုလင်းတွေဖြတ်ဖို့အတွက် You Tubeကနေပဲ လေ့လာမှုတွေစလုပ်ခဲ့ပါတယ်။ဒီလိုလေ့လာတဲ့နေရာမှာလည်း ဖြတ်ပြနေတာထက် ဗီဒီယိုထဲမှာသုံးသွားတဲ့ ပစ္စည်းတွေကို အသေးစိတ်လိုက်ကြည့်ပြီး မှတ်သားခဲ့တာပါ။ဒီလိုလေ့လာပြီး ကိုယ်တိုင် ပြန်လုပ်ကြည့်ချိန်မှာ မလွယ်ကူခဲ့ဘူးလို့ ကိုရဲသူထက် ကအခုလို ပြောပြပါတယ်။

“ကျွန်တော်လည်းYou Tubeကနေကြည့်ပြီး ပြန်လုပ်ကြည့်ရင် လွယ်မယ်ထင်ခဲ့တာ။ တကယ်ကြ တစ်လုံးလုပ်လည်းမရ နှစ်လုံးလုပ်လည်းမရနဲ့ ဖြစ်တာကွဲတဲ့ ပုလင်းတွေအများကြီးပဲ။

အဲ့ကနေမှ လုပ်ရင်းနဲ့ လိုတာလေးတွေသိလာတယ်။ မှားတာလေးပြင်လိုက် လုပ်လိုက်နဲ့အခုအနေထား ရောက်လာတာ။”လို့ သူကရယ်ပြီးပြောပါတယ်။

နှစ်သက်သူများလာတဲ့သူ့လက်ရာ

ပုလင်း ကနေ ခွက်တွေ လုပ်လို့ ပိုနေတဲ့ ပုလင်း ခေါင်းပိုင်းလေးတွေ ကိုလည်း အလကား မဖြစ်ရအောင် သူရဲ့ ဖန်တီးမှုနဲ့ ပေါင်းစပ်ကာ မီးအိမ်၊ပန်းအိုး၊ ခေါင်းလောင်းစတဲ့ လိုချင်စဖွယ်ပစ္စည်းလေးတွေ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ သူရဲ့လက်ရာတွေ ကို TikTok အကောင့် ကနေလည်း မျှဝေတာမို့ နှစ်သက်သူ အများအပြားရှိတာကိုလည်း တွေ့ရပါတယ်။

သူလက်ရာတွေကိုလေ့လာနိုင်တဲ့နေရာက

ကိုရဲသူထက် ဟာဆိုရင် စီးပွားရေးအနေနဲ့ "DC မီးဖိုချောင်"ဆိုတဲ့ မြောင်းမြ မုန့်ဟင်းခါးဆိုင် ဖွင့်ထားပြီး ဝါသနာအရ DIY Artတွေ ဖန်တီးပြုလုပ်နေတာပါ။ ကိုရဲထက်သူ ဖန်တီးထားတဲ့ ပန်းချီကားချပ်တွေနဲ့ ပုလင်းခွံအလှ ပစ္စည်းတွေကို DC မီးဖိုချောင်ဆိုင်ရဲ့ အပေါ်ထပ်မှာ ခင်းကျင်းထားပြီး သွားရောက် လေ့လာ နိုင်ပါတယ်။

လိပ်စာကတော့ လေးထောင့်ကန်လမ်းမ၊ ခပ်ချီးယား မှတ်တိုင်အနီး၊ သင်္ဃန်းကျွန်း မြို့နယ်မှာပါ။ 






 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က