ကိုဗစ် ကာလအတွင်းမှာ အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုတွေကို ထောက်ပံ့ပေးလျက်ရှိပါတယ်။
ပထမအကြိမ်ထောက်ပံ့မှုကိုတော့ တစ်အိမ်ထောင်ကို အခြေခံစားသောက်ကုန် ၅မျိုး ထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်မှာတော့ တစ်အိမ်ထောင်ကို၂သောင်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့တာပါ။ တတိယအကြိမ်ထောက်ပံ့မှုကိုလည်း တစ်အိမ်ထောင် ၂ သောင်းကျပ်နှုန်းအနေနဲ့ ထောက်ပံ့သွားဖို့ရှိတယ်လို့ သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
"ကျွန်တော်တို့ ကိုဗစ်ကာလမှာ ပြည်သူတွေကိုထောက်ပံ့သည့်အစီစဉ်နဲ့ပက်သက်ပြီး ကနဦး စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့ခဲ့ပါတယ်။ တစ်အိမ်ထောင်၂သောင်းကျပ်နှုန်းထောက်ပံ့မှုကိုတော့ ဒုတိယအကြိမ်အဖြစ်လုပ်ဆောင်ခဲ့ပြီး၊ တတိယအကြိမ်အနေနဲ့လည်း တစ်အိမ်ထောင် ၂သောင်းကျပ်နှုန်းထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ထောက်ပံ့မှုမှာတော့ အိမ်ထောင်စုပေါင်း ၅.၄သန်းကျော်ရှိတယ်" လို့ ဦးဇော်ဌေးက သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ကိုဗစ် ကာလအတွင်းနိုင်ငံတော်က ပြည်သူလူထုကို အခြေခံစားသောက်ကုန်တွေနဲ့ ငွေကြေးထောက်ပံ့မှုတွေအပြင် လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ကလည်း အသက်၈၀ကျော် အဖိုးအဖွားတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေထောက်ပံ့ပေးတဲ့အစီစဉ်တွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရရဲ့ ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က အခြေခံလူတန်းစား ၄သန်းနီးပါးရှိခဲ့ပြီး ထောက်ပံ့မှုမရရှိခဲ့တဲ့ သူတွေလည်းရှိခဲ့ပါတယ်။ ဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ကမရရှိခဲ့သူတွေကိုဦးစားပေးထောက်ပံ့ခဲ့ပြီး လူဦးရေ ၅.၄ သန်းကျော်အထိထောက်ပံ့နိုင်ခဲ့တာဖြစ်ပါတယ်။ တတိယအကြိမ်ထောက်ပံ့မှုမှာလည်း ဒုတိယအကြိမ်က ကောက်ယူထားတဲ့စာရင်းအတိုင်း ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်