ကျန်းမာရေးကို ထိခိုက်စေတဲ့ ပလပ်စတစ်အမှိုက်တွေကို သေချာ စနစ်တကျစွန့်ပစ်တက်အောင်ရည်ရွယ်သလို သူတို့ကောက်လိုက်တဲ့အမှိုက်တွေကလည်း အလကားမဟုတ်ဘဲ အင်္ကျီတစ်ထည်ရတယ်ဆိုတော့ ပြည်သူတွေကလည်း ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်မှုတွေရှိကြပါတယ်။
photo-မျှဝေသောလက်များ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ ပြည်သူတွေအနေနဲ့ ပလပ်စတစ်အမှိုက်တွေရဲ့ဆိုးကျိုးကိုသိနိုင်အောင်ရည်ရွယ်ပြီးတော့ အသိပညာပေးတဲ့အနေနဲ့ အမှိုက်တစ်ထုပ်နဲ့ အင်္ကျီတစ်ထည်လဲပေးတဲ့ ကမ်ပိန်းတစ်ခုပြုလုပ်နေပါတယ်။ ဒီအစီအစဉ်ကို ပျဉ်းမနားမြို့ရဲ့ ပရဟိတအသင်းဖြစ်တဲ့ 'မျှဝေသောလက်များ'နဲ့ မြို့တော်စည်ပင်တို့ပူးပေါင်းပြီးဆောင်ရွက်တာဖြစ်ပြီး စည်ပင်အမှိုက်ကားတစ်စီးနဲ့ မြို့တွင်းလှည့်လည်ဆောင်ရွက်ပေးနေတာပါ။
photo-မျှဝေသောလက်များ
“ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ပလပ်စတစ်နဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေကို သိအောင်ရည်ရွယ်ပြီးလုပ်တဲ့သဘော။ အမှိုက်ဆိုပေမယ့် တခြားအမှိုက်ထုပ်တွေနဲ့ ကျွန်တော်တို့မလဲပေးဘူး။ ပလပ်စတစ်အမှိုက်ထုပ်တွေကိုပဲလဲပေးတာ။ ကျွန်တော်တို့ အနေနဲ့ ဒီအစီအစဉ်ကို ဇန်နဝါရီလထိ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းလုပ်သွားဖို့ စီစဉ်ထားတယ်။ အရင်တစ်ပတ်တနင်္ဂနွေနေ့ကစပြီးလုပ်တာ။ ပထမအပတ်မှာပဲ ပြည်သူတွေရဲ့ပါဝင်မှုက တိုးတတ်တယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အမှိုက်ကောက်တာနဲ့စာရင်၊ ကိုယ်ကောက်တဲ့အမှိုက်တစ်ထုပ်က အင်္ကျီတစ်ထည်ရတယ်ဆိုတော့ အားလုံးပါဝင်ကြပါတယ်” လို့ မျှဝေသောလက်များပရဟိတအသင်းဥက္ကဌ ဒေါက်တာပေါ်မြင့်ဦးက Duwun ကိုပြောပါတယ်။
photo-မျှဝေသောလက်များ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကစတင်ဆောင်ရွက်ခဲ့တဲ့ ပထမအပတ်မှာတင် အမှိုက်ထုပ် (၃၀၀)ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီအစီအစဉ်ကနေ ရရှိလာတဲ့ အမှိုက်တွေကို မြို့တော်စည်ပင်က သတ်မှတ်ထားတဲ့ နေရာတွေမှာ သွားပြီး စွန့်ပစ်တယ်လို့ ဒေါက်တာပေါ်မြင့်ဦးကပြောပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း (၂)လဆောင်ရွက်သွားမှာဖြစ်ပြီး တစ်ပတ်ကို ကုန်ကျငွေက (၂)သိန်းရှိတယ်လို့သိရပါတယ်။
ပလပ်စတစ်အမှိုက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာလို ဖျက််််ဆီးအားကြီးတဲ့ ရောဂါဖြစ်ပွားနိုင်တာကြောင့် အခုလိုအစီအစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုအမှိုက်ထုပ်နဲ့ လဲလှယ်ပြီး ရလာတဲ့ အင်္ကျီက သူတို့အတွက်အလကားမဟုတ်ဘဲ အသိပညာတစ်ခုနဲ့ ရရှိလာတဲ့ အင်္ကျီတစ်ထည်ဖြစ်မှာပါလို့ ဒေါက်တာပေါ်မြင့်ဦးကပြောကြားခဲ့ပါတယ်။