ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဥ် ပထမအကျော့မှာ ဂိုးသွင်းခြေစွမ်းပြပြီး ဟက်ထရစ်ရရှိခဲ့ပါတယ်။ ဘန်ဇီမာဟာ ပထမပိုင်းမှာတင် အသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။
ဒီသွင်းဂိုးနှစ်ဂိုးကလည်း တမိနစ်သာခြားခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာလည်း ပြိုင်ဘက်ဂိုးသမား မန်ဒီရဲ့အမှားကတဆင့် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘန်ဇီမာဟာ ဒီလိုအလားတူဂိုးမျိုးကို ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့မှာလည်း သွင်းယူပေးခဲ့ပါသေးတယ်။
စိတ်ဝင်စားစရာ အချက်တချက်ကတော့ ဘန်ဇီမာဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာ ဥပုသ်ကာလကို ဖြတ်သန်းနေရတာဖြစ်ပြီး ဒီဥပုသ်ကြောင့်လည်း တနေကုန် အစာရော၊ ရေရော စားသောက်ခွင့်မရှိပါဘူး။ ဘန်ဇီမာဟာ ချဲလ်ဆီးနဲ့ပွဲစဖို့ (၁၃) မိနစ်အလိုမှသာ ဝါဖြေခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒါက သူ့ကို ဘာအကျိုးသက်ရောက်မှုမှမရှိစေခဲ့ဘဲ ကွင်းအတွင်းမှာ ပိုမိုခြေစွမ်းပြနိုင်ခဲ့သေးတယ်လို့တောင် ဆိုရမှာပါ။ ဘန်ဇီမာဟာ ဒီလိုမျိုး ဥပုသ်စောင့်ရတာကြောင့် သူ့အပေါ်ကို တစုံတရာ ဆိုးကျိုးမသက်ရောက်စေကြောင်း ပြောကြားထားဖူးပါတယ်။
ဘန်ဇီမာဟာ ပီအက်စ်ဂျီကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့မှာလည်း အခုလိုပဲ ဟက်ထရစ်သွင်းပြီး ရီးရဲလ်မက်ဒရစ်ကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာလည်း ကွင်းအတွင်း ဝင်ရောက်ခွင့်ကတ်ဒ် ပျောက်နေသေးတာကြောင့် ဒီပွဲမှာ ပါဝင်ကစားဖို့ မရေမရာဖြစ်ခဲ့ရသေးတယ်လို့လည်း နည်းပြ အန်ဆယ်လော့တီက ဖွင့်ဟထားပါတယ်။