တကယ့်ဆရာကြီးရှေ့မှာ သွားပညာပြမိတာ ပြန်ခံလိုက်ရပါတယ်။

အင်္ဂလန်နာမည်ကျော်ကွင်းလယ်လူဟောင်းပေါလ်စခိုးနဲ့ မန်ချက်စတာယူနိုက်တက်မှာ တွဲဖက်ကစားခဲ့စဉ်က သူ့ကို ဘယ်လိုမျိုး ပညာပေးခဲ့လဲဆိုတာကို ရော်နယ်ဒိုက ဖွင့်ဟခဲ့ဖူးပါတယ်။ သူ့ရဲ့ ပထမအကြိမ် ယူနိုက်တက်ကစားသမားဘ၀မှာ တွေ့ကြုံခဲ့ရတာဖြစ်ပြီး အသင်းဖော်တွေကို ပညာပြနေခဲ့တဲ့ ရော်နယ်ဒိုတယောက် ပေါလ်စခိုးရဲ့ ပါးပါးနပ်နပ်ပညာပြခြင်းကို ခံခဲ့ရတာပါ။ 

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက အခုလိုမျိုး ပြန်ပြောပြခဲ့ပါတယ်။ "လေ့ကျင့်ရေးကွင်းမှာ ကျနော်က ဘယ်ကစားသမားမှ လိုက်မလုပ်နိုင်တဲ့ လှည့်ကွက်တွေအများကြီးကို လုပ်ပြခဲ့တယ်၊ တကြိမ်မှာ ကျနော်က ပေါလ်စခိုးကို ကျနော့်စကေးလ်တွေပြလိုက်တယ်၊ ကျနော်လည်း သူ့ကို အဲလိုလုပ်ပြအပြီးမှာ စခိုးလ်က ကျနော့်ကို ကျနော်တို့ရပ်နေတဲ့ မီတာ ၅၀ လောက်အကွာက သစ်ပင်ကို လှမ်းပြတယ်၊ ပြီးတော့ မင်း အဲဒါကို တချက်တည်းနဲ့ ထိအောင်ကန်နိုင်လားလို့ မေးရော"

"သူက အရင် ကျနော့်ကို ထိအောင်ကန်ပြတယ်၊ ပြီးတော့ ကျနော့်ကို အဲလိုလုပ်နိုင်လားတဲ့၊ အဲဒါနဲ့ ကျနော်လည်း ၁၀ ကြိမ်လောက်ကန်ကြည့်လိုက်တယ်၊ ဒါပေမယ့် တကြိမ်မှကိုမထိဘူး၊ ပေါလ်စခိုးက ပြုံးပြီးတော့ ထွက်သွားရောဗျာ" လို့ ရော်နယ်ဒိုက ဆိုပါတယ်။ ရော်နယ်ဒိုကတော့ ဘောလုံးကို လက်နဲ့ပစ်ပေးတာထက်တောင်မှ တိကျတဲ့ ကန်ချက်တွေကို လုပ်နိုင်တဲ့ ပေါလ်စခိုးရှေ့မှာ မျက်စိသူငယ်နားသူငယ်ဖြစ်ခဲ့ရမှာ သေချာပါတယ်။ 

ပေါလ်စခိုးဟာ သူ့ရဲ့ ကစားသမားဘ၀မှာ တိကျတဲ့ ပေးပို့မှုတွေ၊ လှပတဲ့ကန်ချက်တွေနဲ့ နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အားအထားရဆုံးကစားသမားတဦးဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာကပါဝင်ခဲ့တဲ့ ပေါလ်စခိုးဟာ ကစားသမားဘ၀က အနားယူပြီးမှ ဖာဂူဆန်ရဲ့ တောင်းဆိုမှုကြောင့် ပြန်ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က