ဝန်ကြီးချုပ်မက်ဗီဒက်ဗ်က အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုများပြုလုပ်ရန် အဆိုပြုခဲ့ပြီနောက် နာရီပိုင်းအကြာမှာ ရုရှားအစိုးရတစ်ဖွဲ့လုံး နုတ်ထွက်သွားကြောင်း သိရပါတယ်။

(ပူတင်နှင့် မက်ဗီဒက်ဗ်) (Photo: Alexey Nikolsky/Sputnik/AFP/Getty Images)

ပူတင်က ၎င်းရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမိုရှည်ကြာစေမယ့် အခြေခံဥပဒေ ပြင်ဆင်မှုများပြုလုပ်ရန် စီစဥ်လာခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတပူတင်က အခြေခံဥပဒေ ပြင်ဆင်မှုများပြုလုပ်ရန် အဆိုပြုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က ၎င်းရဲ့ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ကြေညာလိုက်တာ ဖြစ်ပါတယ်။



အသက် ၆၇ နှစ်ကျော်ပြီဖြစ်တဲ့ ပူတင်က ၎င်းရဲ့အာဏာချုပ်ကိုင်မှုကို ရှည်ကြာစေမယ့် အခြေခံဥပဒေ ပြင်ဆင်မှုများပြုလုပ်ရန် တစ်နိုင်ငံလုံး ဆန္ဒမဲပေးပွဲ ကျင်းပသွားမယ်လို့ အဆိုပြုခဲ့ပါတယ်။ ၎င်းအပါအဝင် အစိုးရအဖွဲ့ နုတ်ထွက်ကြောင်းကို ဝန်ကြီးချုပ်မက်ဗီဒက်ဗ်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် သမ္မတပူတင်ရဲ့ဘေးမှာထိုင်လျက် ကြေညာခဲ့တာဖြစ်ပါတယ်။

(ဒီမီထရီ မက်ဗီဒက်ဗ်) (Photo: Sergey Guneev/Sputnik)

"အပြောင်းအလဲတွေလုပ်ဖို့ မလွဲမရှောင်သာ ဆောင်ရွက်မှုအားလုံးအတွက် ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတကို ကျွန်တော်တို့ အထောက်အပံ့ပေးသင့်တယ်" လို့ ဝန်ကြီးချုပ်မက်ဗီဒက်ဗ်က ဆိုပါတယ်။ ပူတင်က ၎င်းရဲ့ အနီးကပ်မဟာမိတ် မက်ဗီဒက်ဗ်ကို တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

သမ္မတပူတင်က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်တဲ မက်ဗီဒက်ဗ်ကို နိုင်ငံတော်လုံခြုံရေးကောင်စီ လက်ထောက်အကြီးအကဲအဖြစ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ပူတင်က ၎င်းရဲ့ လက်ရှိ သမ္မတသက်တမ်း မကုန်ဆုံးမီ အာဏာချုပ်ကိုင်မှု ပိုမိုရှည်ကြာစေမယ့် အခြေခံဥပဒေပြင်ဆင်မှုပြုလုပ်ရန် အဆိုပြုလာခဲ့တာလည်း ဖြစ်ပါတယ်။

(ရုရှားသမ္မတ ဗလာဒီမာပူတင်) (Photo: Alexander Zemlianichenko/Pool/AP)

ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ သမ္မတရာထူးကို သက်တမ်းနှစ်ကြိမ်ဆက်တိုက် ရယူထားခဲ့ပြီးနောက် ၎င်းရဲ့အနီးကပ်မဟာမိတ်ဖြစ်သူ မက်ဗီဒက်ဗ်က ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ်မှာ ပူတင်က ရုရှားသမ္မတ တစ်ကျော့ပြန်ဖြစ်လာခဲ့ပြီး ၎င်းရဲ့ ဒုတိမြောက် နှစ်ကြိမ်ဆက်တိုက် သမ္မတသက်တမ်းဟာ ၂၀၂၄ ပြည့်နှစ်မှာ ပြည့်မြောက်မယ်လို့ သိရပါတယ်။ (၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ ပထမသက်တမ်းနဲ့ ၂၀၁၂ မှ ၂၀၂၄ ခုနှစ်အထိ ဒုတိယသက်တမ်း)

လက်ရှိသက်တမ်းဟာ ပူတင်ရဲ့ စတုတ္တမြောက် သမ္မတသက်တမ်းလည်း ဖြစ်ပါတယ်။ ရုရှားမှာ သမ္မတသက်တမ်းကို ယခင်က လေးနှစ်သတ်မှတ်ထားခဲ့ရာမှ ၂၀၀၈ ခုနှစ်မှာ ခြောက်နှစ်အဖြစ် ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်။ ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ဦးကို သက်တမ်းနှစ်ကြိမ်ဆက်တိုက်သာ ဆောင်ရွက်ခွင့်ပြုထားပါတယ်။

(ပူတင်နှင့် မက်ဗီဒက်ဗ်) (Photo: Government of Russia)

မမျှော်လင့်ဘဲ ရုရှားအစိုးရအဖွဲ့ နုတ်ထွက်သွားခြင်းအပေါ် အံ့ဩစရာဖြစ်နေကြပြီး သမ္မတပူတင်က ဝန်ကြီးချုပ်အသစ်တစ်ဦး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။ စီးပွားရေးဝန်ကြီး Maxim Oreshkin၊ မော်စကိုမြို့တော်ဝန် Sergei Sobyanin နဲ့ စွမ်းအင်ဝန်ကြီး Alexander Novak တို့အနက်မှ တစ်ဦးက ဝန်ကြီးချုပ်သစ်ဖြစ်လာနိုင်ပါတယ်။ ယနေ့ နုတ်ထွက်လိုက်တဲ့ ရုရှားအစိုးရအဖွဲ့က အစိုးရသစ်ဖွဲ့စည်းပြီးချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က