ပုဇွန်တောင်ဈေးအနီး ဆိပ်ကမ်းတည်ဆောက်မှာပါ။

ပုဇွန်တောင်ချောင်းနဲ့ ငမိုးရိပ်ချောင်းတို့မှာ Water Bus များပြေးဆွဲဖို့ စီစဉ်နေပြီး ပုဇွန်တောင်ဈေးအနီးမှာ Water Bus ဆိပ်ကမ်းတည်ဆောက်သွားမယ်လို့ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးမြင့်က ပြောဆိုလိုက်ပါတယ်။

Water Bus စီးနင်းကြသူများကို တွေ့ရစဉ်။ Photo- Water Bus

သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ရဲ့ မီဒီယာများနဲ့တွေ့ဆုံပွဲ မှာ ပြောကြားခဲ့တာပါ။

“ ပုဇွန်တောင်ဈေးနားမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က မြေနေရာပေးမယ်လို့ အကြမ်းဖျင်းသဘောတူထားပါတယ်။ ကြက်ဘဲဈေးနားမှာလည်း ဆိပ်ကမ်းတစ်ခုဆောက်ဖို့လည်း Water Bus ကုမ္ပဏီနဲ့ ညှိခဲ့တာရှိတယ်။ ကုမ္ပဏီဘက်က ဆိပ်ကမ်းနေရာတွေ ကမ်းလှမ်းလာမယ်။ မြေနေရာလေးတွေ ထပ်ရှာချင်တယ်ဆိုရင်လည်း ပူးပေါင်းပေးပါမယ်” လို့ ဦးစိုးမြင့်က ဆိုပါတယ်။

လက်ရှိမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ မြေနေရာသတ်မှတ်ပေးဖို့အတွက် အစိုးရဘက်က စီစဉ်ပေးနေပြီး ဆိပ်ကမ်းတည်ဆောက်ဖို့၊ ခရီးသွားတွေ နားနေဆောင်တည်ဆောက်ဖို့၊ ရေယာဉ်လိုင်စင် ၊ လုပ်ငန်းလိုင်စင်တွေကိုတော့ Water Bus ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဇွန်တောင်ဈေးနဲ့ ကြက်ဘဲဈေးတို့ကို ချိတ်ဆက်သွားလာဖို့ အတွက် Water Bus တွေ ပြေးဆွဲမှာ ဖြစ်ပြီး ပုဇွန်တောင်ဈေးအနီးမှာ ဆိပ်ကမ်းတစ်ခု၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်လရောင်လမ်းအနီးမှာ ဆိပ်ကမ်းတစ်ခု၊ ကြက်ဘဲဈေးနားရဲ့ ဆိပ်ကမ်းတစ်ခု စသည်ဖြင့် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ပြေးဆွဲဖို့ စီစဉ်တဲ့ ပုဇွန်တောင်ချောင်းနဲ့ ငမိုးရိပ်ချောင်းဟာ ပုဇွန်တောင်၊ ဒေါပုံ၊တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ စတဲ့ မြို့နယ်တွေကို ဖြတ်သန်းပြေးဆွဲမှာ ဖြစ်ပြီး လှည်းကူးမြို့နယ်အထိ ဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က