သွားတိုက်ဆေးကို သွားတွေဖြူဖွေးပြီး ခံတွင်းနံ့ကင်းစေဖို့အပြင် ပွန်းပဲ့ရင်၊ အပူလောင်ရင် လိမ်းဖို့အတွက်လည်း သုံးကြပါတယ်။ ဒါပေမဲ့ သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံက ဒီလောက်ပဲ မဟုတ်ပါဘူး။
(၁) ရှုးဖိနပ်ပေါ်က အစင်းရာတွေ ဖျောက်မယ်
သားရေရှုးဖိနပ်တွေမှာ ခြစ်မိ၊ရှမိထားတဲ့ အစင်းရာတွေပေါ်ကို သွားတိုက်ဆေးလေးပုံပြီး အဝတ်နုနုလေးနဲ့ အရင်ပွတ်၊ ပြီးရင် အဝတ်ခြောက်နဲ့ ပြန်တိုက်လိုက်ရင် အသစ်လိုတောက်ပြောင်သွားတဲ့ ရှုးဖိနပ်လေးကို ပြန်ရမှာပါ။
Photo: rd.com
(၂) အနံ့စွဲနေတဲ့ ဖန်ပုလင်းနဲ့ ဓါတ်ဗူးတွေ ဆေးမယ်
နွားနို့ ဒါမှမဟုတ် အနံ့စွဲတာတစ်ခုခုထည့်ထားလို့ အနံ့ထွက်နေတဲ့ ဖန်ပုလင်းတွေကို ဆေးတဲ့အခါ ပန်းကန်ဆေး ဆပ်ပြာအစား သွားတိုက်ဆေးနဲ့တိုက်ချွတ်ပေးရင် အနံ့တွေ ပျောက်သွားတာကို တွေ့ရမှာပါ။ အဲဒီလိုပဲ ဓါတ်ဗူးတွေကိုလည်း ဆေးလို့ရပါတယ်။
(၃) ဝက်ခြံပေါက်ရင် လိမ်းလို့ရတယ်
gel မဟုတ်တဲ့၊ whitening မပါတဲ့ သွားတိုက်ဆေးအမျိုးအစားကို ဝက်ခြံပေါ်လေးမှာ ပုံပေးပါ။ သွားတိုက်ဆေးက ဝက်ခြံထဲက အဆီတွေကို စုပ်သွားပြီး နောက်တစ်ရက်မှာ ဝက်ခြံခြောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဝက်ခြံ အဆံလေး မြင်သာလောက်တဲ့အခြေအနေရောက်မယ့် ဒီနည်းကိုသုံးသင့်ပါတယ်။ နောက်ပြီး အရမ်းနုပြီး၊ အထိခိုက် မခံနိုင်တဲ့ အရေပြားပိုင်ရှင်မျိုးတွေဆိုရင် သွားတိုက်ဆေးပုံတဲ့နည်းကို မသုံးသင့်ပါဘူး။
Photo: Very Well Health
(၄) ကြွေခွက်ပေါ်က လ္ဘက်ရည်၊ ကော်ဖီ အစွန်းတွေ ချွတ်မယ်
လ္ဘက်ရည်၊ ကော်ဖီ ထည့်သောက်တဲ့ ကြွေခွက်တွေမှာ အချိန်ကြာလို့ စွဲလာတဲ့ အစွန်းတွေအပေါ်ကို သွားတိုက်ဆေးလေး နည်းနည်းသုတ်လိမ်းပြီးမှ ပုံမှန်ဆေးနေကျအတိုင်း ဆေးကြည့်လိုက်ပါ။ ကိုယ့်အကြိုက်ဆုံး ကော်ဖီခွက်လေး အသစ်လို ပြန်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
Photo: The Spruce
(၅) ချဉ်ပေါင်ဟင်းနဲ့စားပြီး ချစ်သူနဲ့သွားမတွေ့ခင် လက်ဆေးရင် သွားတိုက်ဆေးသုံးပါ
ချဉ်ပေါင်းဟင်း၊ ကြက်သွန်ဖြူ လက်မှာစွဲနေပြီး ဖျောက်ရခက်တဲ့ အနံ့တွေအတွက် သွားတိုက်ဆေးက ကူညီပေးနိုင်ပါတယ်။ လက်ဆေးတဲ့အချိန်မှာ သွားတိုက်ဆေးနဲ့ လက်ကိုပွတ်ပြီးမှ ရေဆေးချလိုက်ရင် အနံ့တွေပျောက်သွားပြီး ချစ်သူကို ယုံကြည်မှု ရှိရှိနဲ့ သွားတွေ့နိုင်မှာပါ။
Ref: Healthy Women