အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ထိန်းချုပ်ရေး လာမယ့် ဇွန်လဆန်းအထိ lockdown လုပ်ထားပေမဲ့ လိုက်နာမှုမရှိကြဘဲ လူအချင်းချင်း ထိတွေ့မှုနည်းစေရန် ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းကို လစ်လျူရှုပြီး ဂျကာတာမြို့ရှိ လေဆိပ်တစ်ခုမှာ မေ ၁၄ ရက်နေ့က ထောင်နဲ့ချီတဲ့ ခရီးသည်များ စုပြုံတန်းစီနေခဲ့ကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ အကွာအဝေးနဲ့ ခပ်ခွာခွာနေရမယ်ဆိုတာလည်း ဘယ်သူမှ မလုပ်ကြပါဘူး
(Photo: Reuters)
အစိုးရက လေကြောင်းလိုင်းအချို့ကို စည်းမျဥ်းစည်းကမ်း ကန့်သတ်ချက်များဖြင့် ခရီးစဥ်များ ပြန်လည် ပျံသန်းနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ခရီးသည်များ စုပြုံရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ လေဆိပ်ထဲကို ဝင်ရောက်နိုင်ရန် ခရီးသည်များ တန်းစီးစောင့်ဆိုင်းနေမှုနဲ့ လေဆိပ်အဆောင်ထဲမှာ ခရီးသည်များ စုပြုံရောက်ရှိနေမှု ဓာတ်ပုံများ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။
အမည်ဖော်လိုသူ ခရီးသည်တစ်ဦးရဲ့ အဆိုအရ တာဝန်ရှိသူတွေဟာ လေကြောင်းလိုင်း ခရီးသည်အားလုံးကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပြီး လေယာဥ်စီးခွင့်ပြုတဲ့ စာရွက်စာတမ်းထုတ်ပေးမှုကို စောင့်ဆိုင်းနေကြရာမှ လူအုပ်စုများ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ "လူအုပ်က အဝင်ပေါက်နေရာအထိ ရောက်နေခဲ့တယ်၊ တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ အကွာအဝေးနဲ့ ခပ်ခွာခွာနေရမယ်ဆိုတာလည်း ဘယ်သူမှ မလုပ်ကြပါဘူး" လို့ အလုပ်ကိစ္စအတွက် ခရီးသွားခဲ့သူ အသက် ၂၇ နှစ်အရွယ် ခရီးသည်တစ်ဦးက ပြောပါတယ်။
(Photo: Istimewa/Coconuts)
အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအရ လေဆိပ်တွေဟာ ကျန်းမာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေအဖြစ် ကိုယ်ပူချိန်တိုင်းခြင်းနဲ့ လူစုလူဝေးနဲ့ တန်းစီနေမှုများ မဖြစ်စေရန်ကဲ့သို့ အစီအမံများ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ Angkasa Pura ကတော့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာဖြစ်နေစေရန် ဆောင်ရွက်နေပြီလို့ ပြောခဲ့ပါတယ်။ သို့သော် ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ လေဆိပ်မြင်ကွင်းတွေက ဗိုင်းရပ်စ်ကူးစက်မှုကို လုံလောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိနိုင်တဲ့ အခြေအနေအဖြစ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။
လူတွေက ဒီဗိုင်းရပ်စ်ကို နိုင်ငံအနှံ့ နေရာဒေသတွေဆီ သယ်ဆောင်သွားနိုင်ပါတယ်
(Photo: Xinhua/new.cn)
"ဒါက စိုးရိမ်စရာကောင်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ လူတွေက ဒီဗိုင်းရပ်စ်ကို နိုင်ငံအနှံ့ နေရာဒေသတွေဆီ သယ်ဆောင်သွားနိုင်ပါတယ်၊ အထူးသဖြင့် ကျေးရွာတွေဆီကိုပေါ့၊ ဒီလိုဖြစ်လာရင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒုက္ခရောက်မှုက ရှည်ကြာနေပါလိမ့်မယ်၊ ပြီးတော့ COVID-19 တိုက်ဖျက်ရေးကလည်း အချိန်တွေကြာနေမှာပါ" လို့ အစိုးရဌာနတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာလက်ခံဌာနမှ Alvin Lie က ပြောပါတယ်။
မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ ဥပုသ်လအပြီး အီးဒ်နေ့အမီ နှစ်စဥ် နေရပ်ပြန်သူတွေ များစွာရှိပါတယ်။ အင်ဒိုနီးရှားအစိုးရက သတ်မှတ်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသမှာ COVID-19 ကြောင့် သေဆုံးသူအများဆုံး နိုင်ငံဖြစ်ပါတယ်
(Photo: Xinhua/new.cn)
ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာနက လေယာဥ်တွေမှာ ခရီးသည်တင်ဆောင်နိုင်မှုရဲ့ ထက်ဝက်အရေအတွက်သာ လိုက်ပါစေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်း ညွှန်ကြားချက်များနဲ့အတူ လေကြောင်းလိုင်းများ ဝန်ဆောင်မှုပြန်စတင်ခွင့်ပေးခဲ့ပါတယ်။ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့ လေကြောင်းလိုင်းများဟာ ပိတ်ပင်ခံရမယ်လို့လည်း ဝန်ကြီးဌာနက ပြောထားပါတယ်။
အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် COVID-19 ကြောင့် သေဆုံးသူအများဆုံး နိုင်ငံဖြစ်ပြီး ယနေ့ (မေ ၁၅ ရက်) မနက်ပိုင်းအထိ သေဆုံးသူစုစုပေါင်း ၁,၀၄၃ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စင်ကာပူပြီးလျှင် COVID-19 ကူးစက်မှုအများဆုံးလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၆,၀၀၆ ဦး စစ်ဆေးအတည်ပြုထားကြောင်းနဲ့ ၃,၅၁၈ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။